ဖြူဖြူကျော်သိန်းနဲ့ သူ့ရဲ့ ဆူဒိုအီလစ်များ
“င့ါရဲ့အသည်းထဲကအတွင်းကြေ”“ငါတော့မေ့လို့မရတော့ဘူး” စတဲ့ အပြင်းစား တေးသီချင်းတွေ ကိုစင်မြင့်ရဲ့ ဟိုဘက်ထိပ်နဲ့ ဒီဘက်ထိပ် ပြေးလွှားခုန်ပေါက်လိုက် ၊ လေးဘက်ထောက် လျှောက်ပြလိုက်နဲ့ ပါဖောမင့်အမျိုးမျိုးပြ အော်ဟစ် သီဆိုလွန်း ခဲ့လို့ထူးဆန်းမှု တွေနဲ့အတူလူသိ များလာတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းက သူ့ကို လူသန်းပေါင်းများစွာအားပေး လက်ခံ နေတဲ့ကြားက သူ့ကို အကောင်းမမြင်တဲ့သူတွေဟာ ဟိုမရောက်ဒီမရောက်တွေ၊ အင်္ဂလိပ်လိုပြောမယ်ဆိုရင် Pseudoelid လ့ို သတ်မှတ်တယ်လ့ို First Music ဂျာနယ်မှာပြောသွားပါတယ်။
သူ့ရဲ့ စတိုင်တခုဖြစ်တဲ့လေးဘက်ထောက်လျှောက်ပြတဲ့ဟန်ကို လူရွှင်တော်တွေက အတုခိုးပြီး မည်းမည်းကျော်သိန်းလို့ နာမည်ပေး၊ “ငါတော့မေ့လို့မရတော့ဘူး” သီချင်းနဲ့ လေးဘက်ထောက် လျှောက်ပြတဲ့ ပါဖောမင့်ဟာလည်း ပရိသတ် ဝါးလုံးကွဲ ရယ်ရတဲ့ဟာသတကွက်အဖြစ်လည်းရေပန်းစားခဲ့ ဖူးပါတယ်။
ပရိသတ် စိတ်ဝင်စားအောင် ဖန်တီးရာမှာ ထူးဆန်းတဲ့ အပြုအမူတွေ နဲ့ အနုပညာ လောကထဲ ကိုဝင်ရောက်လာခြင်းက အခုတင်မှ စတာမဟုတ်ဘဲ၊ ၁၉၆၀ ကျော်လောက်က နာမည်ကျော်ခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ ကောလိပ်ဂျင်နေဝင်း ကစခဲ့တယ်လို့ ပြောရမယ် ထင်ပါတယ်။ ကောလိပ်ဂျင်နေဝင်း ရဲ့စကားပြောပုံ ၊ ဝတ်စားပုံတွေဟာ အဲဒီခေတ် သရုပ်ဆောင်တွေနဲ့သူမတူအောင်ထူခြားနေတာတော့ အမှန်ပါ။
သူ့နောက်မှာလည်းရုပ်ရှင် ၊ ဂီတနယ်ပယ်အသီးသီးမှာ ပရိသတ်တွေအံ့သြ လောက်တဲ့တင်ဆက်မှုတွေနဲ့ ကျော်ကြားလာခဲ့တဲ့ အနုပညာရှင် တော်တော်များများ ရှိခဲ့ပါတယ်။ အခု ဘုန်းကြီးဝတ်နေပြီဖြစ်တဲ့ ဦးကျော်ဟိန်းဆိုရင် လူငယ်တွေက လိုက်အတုခိုးရတဲ့အထိ နာမည်ကြီးခဲ့ပါတယ်။ နာမည်မကြီးခင်မှာတော့ သူ့ရဲ့ အသစ်ဖန်တီးမှုတွေကို ကြည့်မရတဲ့သူတွေ၊ ဝေဖန်သံတွေ ဆူညံခဲ့ပါတယ်။
ရော့ကာကြီး ဇော်ဝင်းထွဋ် ဆိုရင်လည်း သူပေါ်ကာစမှာ ရင်ကွဲသံကြီးနဲ့ မဆိုပါနဲ့ ဆိုပြီး အပြင်းအထန် ဝေဖန်ခံခဲ့ရပေမယ့် နောက်ပိုင်း ဇော်ဝင်းထွဋ်မှ ဇော်ဝင်းထွဋ် ဖြစ်ခဲ့တာ အားလုံးအသိပါ။
သရုပ်ဆောင် ရာဇာနေဝင်းကတော့ ပါဖောမင့်တွေက ထူးခြားလှပါတယ်။ သူ့ရဲ့သရုပ်ဆောင်မှုတွေကို လက်မခံနိုင်လို့ပြစ်တင်ဝေဖန်မှုတွေ အများကြီးရှိခဲ့ပေမယ့် ရာဇာနေဝင်း ပေါက်တဲ့ကာလကတော့ ကြောက်စရာကောင်းလောက်အောင် ပရိသတ်ရဲ့ လက်ခုပ်သံတွေ ကျယ်လောင်ခဲ့ပါတယ်။
အသစ်ဖန်တီးမှုတွေကြောင့် ဝေဖန်အပြစ်တင်မှုတွေနဲ့ကင်းတဲ့အနုပညာသမားဆိုတာမရှိသလောက်ပဲ ဆိုပေမယ့် ဝေဖန်ပစ်တင်တဲ့ ပရိသတ်ကို ပြန်လည်ဝေဖန် အပြစ်တင်တာတော့ မကြားဘူးသလောက်ပါပဲ။
အဆိုတော်ဖြူဖြူကျော်သိန်းကတော့ သူ့ကို ဝေဖန်တဲ့သူတွေကိုဟိုမရောက်ဒီမရောက် အဆင့်သာရှိတဲ့ လူတန်းစားတွေ ဖြစ်တယ်၊အဲဒီလူတွေဟာပညာတတ်ဖို့ လိုပါတယ်လို့ပြောဆိုလိုက်ပါပြီ။ ဒါကို အသစ်လို့ ဆိုရမလား။
အင်တာနက် ခေတ်ဆိုတော့လည်း ဖြူဖြူကျော်သိန်းရဲ့ ပရိသတ်တွေကို ပြန်လည်ဝေဖန်လိုက်တဲ့ အကြောင်းက တမဟုတ်ချင်း အင်တာနက် လူမှုကွန်ရက်တခု ဖြစ်တဲ့ facebook စာမျက်မှာပေါ် ရောက်သွားသလို ပရိသတ်တွေရဲ့ အံ့အားတသင့် ဝေဖန်သံတွေကလည်း ချက်ချင်းဆိုသလို ပလူပံျခဲ့တာတွေ့ရပါတယ်။
ကော်ပီဆို၊ ကော်ပီပါဖောမင့်တွေနဲ့ သတ္တိကောင်းလှချည်လား ဖြူဖြူကျော်သိန်းရယ်လို့ပဲ ပြောလိုက်ချင်ပါတော့တယ်။
ရုပ်ရှင်မှာ ဆင်ဆာရှိသင့်၊ မရှိသင့်
အရင်ကမြန်မာဇာတ်ကားတွေမှာသရုပ်ဆောင်တွေရဲ့အပြောအဆို (ဒိုင်ယာလော့ခ်) တွေကြမ်းတမ်းတာ၊ ရင့်သီးတဲ့စကားလုံးမျိုးတွေနဲ့ပြောဆိုတာနည်းပါးသလောက် အခုနောက်ပိုင်းတော့ “S”နဲ့တိုင်းထွာတာ၊ ဆဲဆိုတာတွေ ထည့်ပြောလာတာ တွေ့လာရပါတယ်။
တချို့ လူငယ်ဇာတ်ကားတွေမှာ ဆိုရင်အပြင်ကလူငယ်တွေ ပြောဆိုနေကြတဲ့ ဗန်းစကားမျိုးတွေကို တော်တော် သုံးလာပါတယ်။
ဆင်ဆာက တော်တော်လေး လွှတ်ပေးနေပြီလား၊ ဇာတ်လမ်းအရ ရိုင်းစိုင်းတဲ့ အပြုအမူနဲ့ အံဝင်အောင် ရိုင်းစိုင်းတဲ့ အပြောအဆိုတွေ ထည့်ပါစေဆိုတဲ့ သဏ္ဍန်လုပ်သရုပ်တူစေချင်တဲ့ စေတနာလားတော့ မပြောတတ်ပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်နီးပါးလောက်က “ဒယ်ဒီဘိုးဘိုး” ဆိုတဲ့ ဗီဒီယိုဇာတ်ကားထဲမှာ သရုပ်ဆောင်လူမင်းက စိုးလွင်လွင် သီဆိုတဲ့ဂန္တဝင်ဆည်းဆာ သီချင်းကိုဖျက်ပြီး ဘာသာရေးကိုစော်ကားရာ ရောက်စေတဲ့သီချင်းစာသား ထည့်သွင်း သီဆိုလိုက်လို့ မူရင်း တေးရေးဆရာက မကျေနပ်တဲ့အတွက် လူမင်းကိုယ်တိုင် ရှင်းလိုက်ရတဲ့ အဖြစ်အပျက် ရှိခဲ့ဖူးပါတယ်။ ဒါကတော့ ဆင်ဆာအဖွဲ့က မျက်စိမှောက်၊ နားမှောက်သွားတာ ထင်ပါရဲ့။
၁၉၈၀ ကျော်လောက်က ချယ်ရီ မဂ္ဂဇင်း မျက်နှာဖုံးမှာ မင်းသမီး မို့မို့မြင့်အောင်က ဂါဝန်ရှည် အဖြူလေးဝတ်ပြီး ဒေါက်ဖိနပ် အဖြူလေးကိုင် အိုက်တင် လုပ်တာကို တော်တော်လေး ဝေဖန်ပြစ်တင်ခဲ့လို့ ဆင်ဆာက ချယ်ရီကို အရေးယူခဲ့ဖူးတာ သတိရမိ ပါသေးတယ်။
၂၀၀၀ ပြည့်နှစ်ကျော်လာတဲ့အထိ MTV တွေမှာ ဘောင်းဘီတို၊ စကတ်တိုတွေ၊ ရင်ဟိုက်တွေပါပြီဆိုရင် ဒါရိုက်တာတွေက သရုပ်ဆောင်ရဲ့ အောက်ပိုင်းနဲ့ ရင်ဗတ်နေရာတွေကို ကြည့်ရှုသူ မျက်စိနောက်လောက်အောင် ဖုံးပေးခဲ့ရတာတွေလည်း တွေ့ခဲ့ဖူးပါတယ်။
အခုတော့ ကိုရီးယားစတိုင်စကတ်တိုတွေ၊ ဘောင်းဘီတိုလေးတွေကို အဆင်ပြေပြေနဲ့ ဝတ်နိုင်ပါပြီ။ ကြည့်ရသူလည်း အဆင်ပြေ၊ ဝတ်ရသူလည်း အဆင်ပြေဆိုတော့ ရုပ်ရှင် ဆင်ဆာ ဆိုတာများ မရှိတော့ဘူးလားလို့ ဝမ်းသာမိပါရဲ့။
ဒါပေမယ့် အဲဒီလိုတော့လည်း မဟုတ်ပြန်ပါဘူး။
သရဲဗီဒီယို ဇာတ်ကားတွေ ပေးရိုက်လိုက်၊ တခါ မရိုက်ရတော့ဘူး ပြောလိုက်၊ တခါဒီဇာတ်ကားတွေဟာ စိတ်ကူးယဉ်တွေပါ အမှန်တွေမဟုတ်ပါဘူး နောက်ဆုံးမှာ အဖြည်လေး ထည့်ပေးပါဆိုတာ မျိုးကြောင့် ဇာတ်ကောင် တကောင်ကောင်က စဉ်းစားတာလို၊ အိပ်မက်မက်တာလိုမျိုးနဲ့ ပြန်ရိုက်ခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလို စိတ်ကူးယဉ်တဲ့ အခန်းမှာတောင်ဆင်ဆာထပ်ဖြတ်ခံရလို့ “စိတ်ကူးထဲထိ ဆင်ဆာလိုက်ဖြတ်တယ်” ဆိုပြီးတော့ ဒါရိုက်တာမောင်မျိုးမင်းက ပြောခဲ့ဖူးပါတယ်။
တခါ ဆင်းရဲစုတ်ပြတ်နေတဲ့ ဇာတ်ကားတွေ မရိုက်ရဘူးဆိုလို့ မရိုက်ခဲ့ရာကနေ အခုနောက်ပိုင်း အဲဒီလိုကားမျိုးတွေ တွေ့ရပြန်ပါပြီ။ ရုပ်ရှင်လောကသားတွေဟာ ဆင်ဆာ ဆိုတာနဲ့ နပမ်းလုံးရင်း၊ ဆင်ဆာလွတ်နိုင်သမျှ လွတ်အောင် ရှောင်ကြရင်းက ရှောင်လင် သိုင်းပညာတောင် တော်တော်ကျွမ်းနေပုံ ရပါပြီ ။ အဲဒီလို ရှောင်ရင်းတိမ်းရင်းက လုံးဝ လွတ်နိုင်မယ် ထင်တဲ့ နိုင်ငံခြားကားတွေထဲက ခိုးချတွေ၊ မြန်မာမှုပြုတာတွေ အရိုက်များ လာတာလည်း ဖြစ်နိုင်ပါတယ်။
မကြာသေးခင်ကတော့ အခုတမျိုး၊ တော်ကြာတမျိုးပြောင်းတတ်တဲ့ မြန်မာ့ရုပ်ရှင်ဆင်ဆာနဲ့ ပတ်သက်လို့ ဆင်ဆာ ရှိသင့်၊ မရှိသင့်၊ ဒါမှမဟုတ် ဆင်ဆာမူဝါဒတွေ ပြုပြင် မလား ဆိုပြီး ၄၈နှစ် အတွင်း ပထမဆုံးအကြိမ်အဖြစ်ဗဟန်းမြို့နယ် ဝင်္ကပါလမ်းက ရုပ်ရှင်အစည်းအရုံး မှာနိုဝင်ဘာ ၁၆ ရက် နေ့ကရုပ်ရှင် အဖွဲ့သားတွေ စည်းဝေး တိုင်ပင်ကြတယ်လို့သိရ ပါတယ်။
ဒီအစည်းအဝေးမှာ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးမြင့်သိန်းဖေနဲ့အတူ ဒါရိုက်တာတွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေ တော်တော် များများ တက်ရောက်ပြီး အားတတ်သရော ဆွေးနွေးကြတဲ့ ဓာတ်ပုံတွေကို လူရွှင်တော်ဇာဂနာရဲ့facebook စာမျက်နှာမှာ တွေ့ရပါတယ်။ မြန်မာ့ရုပ်ရှင် တိုးတက်ဖို့အတွက် ရုပ်ရှင်လောကသားတွေ ပါဝင်တဲ့ ဆွေးနွေးပွဲ တရပ်ဖြစ်တာကြောင့် ကြိုဆိုရမှာပါ။
ဒါပေမယ့် တကယ့်လက်တွေ့ အလုပ်အနေနဲ့ “လာမည် … ကြာမည်” လား “မကြာမီ … လာမည်” လား ဆိုတာကိုတော့ စောင့်ကြည့်ကြပါ လို့ပဲ …။
ဒေါက်တာ ကျော်သူ
နာရေးကူညီမှုအသင်း (ရန်ကုန်) ရဲ့ ဥက္ကဋ္ဌဦးကျော်သူကို ရန်ကုန် ဧမာနွေလ နှစ်ခြင်းအသင်းတော်ရဲ့သိက္ခာတော်ရသင်းအုပ် ဆရာတော်ကြီး Rev. Dr. Paul F. Johns ကနေ လူသားချင်းစာနာမှုဆိုင်ရာ ဝန်ဆောင်မှု ဒေါက်တာဘွဲ့ (Doctor Of Humane Social Services – D.H.S.S) ချီးမြှင့်ပေးအပ်ခဲ့တယ်ဆိုတဲ့ သတင်းကောင်း ကြားခဲ့ရပါတယ်။
ဒီဘွဲ့ကိုစာရေးဆရာချစ်စံဝင်းကမနှစ်ကရရှိခဲ့ပြီးဒီနှစ်မှာတော့ဦးကျော်သူကရရှိတာဖြစ်ပါတယ်။ Master Of Humane Social Services (M.H.S.S) ကိုတော့ ဦးကျော်သူရဲ့ဇနီး ဒေါ်ရွှေဇီးကွက်နဲ့ ဦးချစ်စံဝင်းရဲ့ဇနီးဖြစ်သူဒေါ်မော်မော် (ခေါ်) စာရေးဆရာမ လမင်းအိမ် ကရရှိတာပါ။
ဒီဘွဲ့ဟာ ဦးကျော်သူအတွက် ပြည်တွင်းကပထမဆုံးအကြိမ်အဖြစ် ချီးမြှင့်ခြင်းဖြစ်ပြီး မနှစ်ကတော့ အမေရိကန်ရောက် မြန်မာတွေ ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ၊ ၂၀၀၉ ခုနှစ်တုန်းကလည်း ပြည်သူ့ဘက်သား အနုပညာသမားဆုကို အင်္ဂလန်ရောက မြန်မာတွေက ချီးမြှင့်ခဲ့ဖူးပါတယ်။
“မြန်မာလူမျိုး ဗုဒ္ဓဘာသာ တယောက်ကိုအခုလို ခရစ်ယာန်ဘာသာဝင်တွေကဘွဲ့ထူးတွေ ချီးမြှင့်တယ်ဆိုတော့အံ့သြစရာပါ။ ကျနော့် အလုပ်ကလည်း လူမျိုးဘာသာ မရွေးသင်္ဂြိုဟ်ပေး ၊ ဆေးကုပေးရတာပါ။ ပညာရေးရောပေါ့။ လူသားတယောက် အနေနဲ့လူသားတွေ အတွက်လုပ်သင့် လုပ်ထိုက်တာ လုပ်တဲ့အတွက် လူမျိုးဘာသာ မရွေးကပြန်ပြီး အသိအမှတ် ပြုခြင်းကို ခံရတာပေါ့လေ” လို့ ဦးကျော်သူက ဆိုပါတယ်။
အခုလောလောဆယ်မြန်မာပြည်မှာ ရင်ဆိုင်နေရတဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ စစ်ပွဲတွေရပ်ဆဲရေး၊ ငြိမ်းချမ်းရေး အတွက် လုပ်နေတဲ့အချိန်မှာ အခုလို ဘာသာခြားတွေက ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အတွက်အသိအမှတ်ပြု ချီးမြှင့်တာဟာ ငြိမ်းချမ်းရေး အတွက်အလားအလာ ကောင်းတဲ့ပြယုဂ် တခုဖြစ်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။