အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) တရားဝင် ပါတီအဖြစ်မှတ်ပုံတင်ရန် ယနေ့ ဆုံးဖြတ်ခဲ့သော်လည်း တိုင်းရင်းသားပါတီများကမူ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စ မစဉ်းစားသေးဟု ခေါင်းဆောင်များက ပြောသည်။
NLD ပါတီ၏ ဆုံးဖြတ်ချက်အပေါ် တိုင်းရင်းသား ခေါင်းဆောင်များက ကြိုဆိုကြောင်း၊ အစိုးရအနေဖြင့်လည်း နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေပါ အချက်တချို့အား ပြင်ဆင်ပေးသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံ၏ ပြုပြင်ရေး ကိစ္စသည် အရေးကြီးကြောင်း တိုင်းရင်းသားပါတီ ခေါင်းဆောင်များ က ဆိုသည်။
၁၉၉၀ ရွေးကောက်ပွဲ၌ အနိုင်ရရှိခဲ့သော တိုင်းရင်းသား ပါတီများဖြစ်သည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊
ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ မွန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(MNDF)၊ ဇွန်မီးအမျိုးသား ကွန်ဂရက်(ZNC) စသည့် ပါတီ များအနေဖြင့် ဖမ်းဆီးခံထားရသည့် တိုင်းရင်းသား ခေါင်းဆောင်များ မလွတ်မချင်း ပါတီမှတ်ပုံတင်ရေး ကိစ္စကို ဆိုင်းငံ့ ထား မည်ဟု သိရသည်။
“UNA အဖွဲ့ထဲက ဦးခွန်ထွန်းဦး အပါအဝင် ခေါင်းဆောင်တချို့ဖမ်းထားချိန်မှာ ကျနော်တို့က မှတ်ပုံတင်လိုက်ရင် သူတို့ကို ပြစ် ပယ်ထားရာ ရောက်မှာပေါ့၊ ဒီပုဂ္ဂိုလ်တွေ အားလုံးလွတ်လာတာနဲ့ ပါတီမှတ်ပုံတင်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာပါ”ဟု
MNDF ဥက္ကဋ္ဌ နိုင်ငွေသိန်းက ပြောသည်။
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)သည် ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသားပါတီ ၁၂ ခု စုပေါင်း၍ SNLD ပါတီက ဦးဆောင်ဖွဲ့စည်းခဲ့သော မဟာမိတ်အဖွဲ့ဖြစ်သည်။
ပြည်တွင်း၌ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည် သိသာသောပြောင်းလဲမှု မတွေ့ရသေးကြောင်း၊ ဖမ်းဆီးထားသော တိုင်း ရင်းသား ခေါင်းဆောင်များ၊ ၈၈ ကျောင်းသား ခေါင်းဆောင်များ၊ သံဃာတော်များ အားလုံးကို လွှတ်ပေးပြီး စစ်မှန်သော ပြည် တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရန် လိုအပ်နေသည်ဟု SNLD ပြောခွင့်ရ ဦးစိုင်းလိတ် က ပြောသည်။
ထိုပုဂ္ဂိုလ်များသည် တိုင်းပြည်နှင့်ပြည်သူလူထု တိုးတက်ရေးအတွက် မိမိတို့၏ ယုံကြည်ချက်အတိုင်း ဆောင်ရွက်ခြင်းကြောင့် အကျဉ်းချ ခံနေရသူများဖြစ်၍ တိုင်းပြည်တိုးတက်ရေး လုပ်ဆောင်နေသော အစိုးရ အနေဖြင့် နိုင်ငံရေးအကျဉ်းသားအားလုံး ကို အမြန်ဆုံး လွှတ်ပေးသင့်ကြောင်း ၎င်းက ဆက်ပြောသည်။
ဦးစိုင်းလိတ်က“ဦးခွန်ထွန်းဦး၊ ဦးစိုင်းညွန့်လွင်တို့ မလွတ်မချင်း SNLD က ပါတီ မှတ်ပုံတင်ဖို့ မစဉ်းစားဘူး”ဟု ဆိုသည်။
ALD ပါတီသည်လည်း မှတ်ပုံရေး၊ မတင်ရေး ကိစ္စများဆုံးဖြတ်ရန် အချိန်ယူ စဉ်းစားရဦးမည်ဖြစ်ကြောင်း ALD ခေါင်းဆောင် ဦးအေးသာအောင် က ပြောသည်။
၎င်းက“NLD ပါတီမှတ်ပုံတင်တာ၊ ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တာက သူတို့ကိစ္စပါ၊ ကန့်ကွက်စရာ မရှိပါဘူး၊ ကျနော်တို့ ပါတီ မှတ်ပုံတင်ရေး၊ မတင်ရေး ကိစ္စအတွက်တော့ ဘယ်လိုလုပ်သင့်တယ်ဆိုတာ ဆွေးနွေးမှုတွေ အများကြီးလုပ်ဖို့ ရှိပါသေးတယ်” ဟု ဆိုသည်။
NLD အပါအဝင် ၉၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီများအနက် တချို့သည် ဖျက်သိမ်းခံခဲ့ရပြီး၂၀၁၀ ရွေးကောက်ပွဲ အတွက် မှတ်ပုံမတင်ခဲ့သော ပါတီအားလုံး တရားမဝင်တော့ကြောင်း ယခင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။
NLD ပါတီသည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ပြုလုပ်သော ၂၀၁၀ ရွေးကောက်ပွဲအား ရွှေဂုံတိုင် ကြေညာချက် ထုတ်ပြန် ၍ သပိတ်မှောက်ကာ ပါတီမှတ်ပုံခြင်း၊ ရွေးကောက်ပွဲဝင်ခြင်း မလုပ်ခဲ့ပေ။
ထိုကြေညာချက်၌ နိုင်ငံရေးအကျဉ်းသားများ အားလုံးလွှတ်ပေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ အားလုံးပါဝင်နိုင်ရေး တို့ကို ဆောင်ရွက်ပေးမှသာ ရွေးကောက်ကွဲဝင်မည်ဟု ပါရှိသည်။
NLD ပါတီသည် ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ ပါတီများ စုပေါင်း ဖွဲ့စည်းထားသော ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အဖွဲ့ဝင်လည်း ဖြစ်သည်။
NLD ၏ ယနေ့ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီး ပါတီမှတ်ပုံတင်၍ ကြားဖြတ် ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အားလုံးတွင် ယှဉ်ပြိုင်သွားမည်ဟု မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
“အခုလို ဆုံးဖြတ်လိုက်တာဟာ ပြည်သူလူထုအတွက် ဖြစ်ပါတယ်”ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။