အမေရိကန်သမ္မတ မစ္စတာ ဘားရက် အိုဘားမားက မြန်မာပြည် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို တွန်းအားပေးရေး၊ နှစ်နိုင်ငံ ဆက်ဆံရေး ကဏ္ဍသစ်ဖွင့်လှစ်ရေး အခြေအနေများကို လေ့လာရန် နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်အား မြန်မာနိုင်ငံသို့ မကြာမီ စေလွှတ်မည်ဟု ယနေ့ ပြောကြားလိုက်သည်။
ဆယ်စုနှစ်များစွာအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတဦး၏ မြန်မာပြည်ခရီးစဉ်ဖြစ်လိမ့်မည်ဟု အင်ဒိုနီးရှားနိုင်ငံတွင် ပြုလုပ်သော အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်စဉ် အိုဘားမားက ပြောလိုက်သည်။
ယမန်နေ့ ညနေပိုင်းကလည်း ဒေါ်အောင်ဆန်းစုကြည်အား တယ်လီဖုန်းဖြင့် ဆက်သွယ် စကားပြောခဲ့သည်ဟု အိုဘားမားက ဆိုသည်။
“သူကလည်း အမေရိကန်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ရေး အစီအစဉ်ကို ထောက်ခံပါတယ်” ဟု အိုဘားမားက ပြောသည်။
မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး ထပ်မံ လုပ်ဆောင်နိုင်ခြင်း မရှိပါက ဒဏ်ခတ် ပိတ်ဆို့မှု၊ နိုင်ငံတကာ၏ ဖယ်ကြဉ်မှုတို့ကို ဆက်လက် ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ယနေ့ နှောင်းပိုင်းတွင် ပြုလုပ်မည့် အမေရိကန် နှင့် အာဆီယံခေါင်းဆောင်များ ဆွေးနွေးပွဲတွင် ဤအကြောင်းအရာကို အလေးထား ပြောကြားမည်ဖြစ်ကြောင်း အိုဘားမားက ပြောသည်။ ထိုအစည်းအဝေးကို မြန်မာသမ္မတ ဦးသိန်းစိန်လည်း တက်ရောက်မည် ဖြစ်သည်။
မကြာသေးမီက မြန်မာနိုင်ငံအတွင်း ပေါ်ပေါက်ခဲ့သော ဖြစ်ထွန်းတိုးတက်မှုများမှာ နှစ်ပေါင်းများစွာအတွင်း တွေ့မြင်ရသည့် ပြုပြင်ပြောင်းလဲရေး ခြေလှမ်းများဖြစ်သည်ဟုလည်း အိုဘားမားက မှတ်ချက်ပြုလိုက်သည်။
သမ္မတ အိုဘားမား လက်ထက်တွင် အမေရိကန်အစိုးရက မြန်မာနိုင်ငံအား ဒဏ်ခတ်ပိတ်ဆို့ရေး သာမက မြန်မာအာဏာပိုင်တို့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒကို ကျင့်သုံးခဲ့သည်။
ထိုသို့ မူဝါဒ ပြောင်းလဲပြီး နောက်ပိုင်းကာလနှင့် မြန်မာနိုင်ငံတွင် စစ်အစိုးရမှ အရပ်သားအစိုးရသို့ ပြောင်းလဲပြီးနောက်ပိုင်းတွင် နိုင်ငံခြားရေးဌာနမှ အဆင့်မြင့်အရာရှိများ၏ မြန်မာပြည်ခရီးစဉ် အများအပြား ပေါ်ပေါက်လာသည်။
ထိုအရာရှိများကလည်း ယနေ့ အိုဘားမား အင်ဒိုနီးရှားတွင် ပြောကြားသကဲ့သို့ တိုင်းရင်းသားလူမျိုးစု၊ နိုင်ငံရေးအကျဉ်းသား၊ မြောက်ကိုရီးယား-မြန်မာဆက်နွယ်မှုတို့နှင့် ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
နှစ်ဘက် တွေ့ဆုံမှုများတွင် မြန်မာ့တပ်မတော် ကာကွယ်ရေးဦးစီးချုပ်သစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် နှင့် အမေရိကန် ကိုယ်စားလှယ်များ ပထမဆုံးအကြိမ်တွေ့ဆုံမှုလည်း ပါဝင်သည်။
မကြာမီ မြန်မာပြည်သို့ သွားရောက်မည့် ဟီလာရီ ကလင်တန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ရေး မူဝါဒကို အဆုံးသတ်ဦးမည်မဟုတ်ကြောင်း Fox News ရုပ်မြင်သံကြားကို ပြောကြားလိုက်သည်ဟု AP သတင်းတပုဒ်တွင် ရေးသားထားသည်။