ကရင်ပြည်နယ်အစိုးရနှင့် ယာယီ အပစ်အခတ်ရပ်စဲရေး သဘောတူထားသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘောအဖွဲ့က ယခုနှစ်လယ်ပိုင်းတွင် အစိုးရတပ်များနှင့် ကရင်ပြည်နယ် ၃ မြို့နယ်အတွင်း ဖြစ် ပွား ခဲ့သည့် တိုက်ပွဲမှတ်တမ်း စီဒီ ယနေ့စတင် ဖြန့်ချိလိုက်သည်။
ယင်း စီဒီသည် ကရင်ပြည်နယ် မြဝတီ၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲမှတ် တမ်း ဖြစ်သည်။
DKBA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစောလုံ့လုံ က စစ်ပွဲများကြောင့် ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရကာ အတိဒုက္ခရောက်ခဲ့ကြသည့်အတွက် ဒေသတွင်း ငြိမ်းချမ်းရေးရရှိရန်အရေးကြီးသည်ကို သိရှိနိုင်ရန်အတွက်ထုတ်ဝေခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
“ပြည်တွင်းစစ်ရဲ့ ဆိုးကျိုးတွေကို လူထုသိနိုင်ဖို့အတွက် ရည်ရွယ်ပြီး ဖြန့်ချိတာပါ။ ဒါမှ ငြိမ်းချမ်းရေး ရရှိဖို့ နယ်မြေအေးချမ်း သာယာဖို့ ဘယ်လောက်အရေးပါလည်းဆိုတာ သိရှိပြီး ငြိမ်းချမ်းရေးကို တန်ဖိုးထား လေးစားတတ်ဖို့အတွက် သက်ဆိုင်သူ အားလုံးကို သိစေချင်တဲ့ ဆန္ဒနဲ့ပါ”ဟုလည်း ၎င်းက ဆိုသည်။
“မာနယ်စိုး”ဟု အမည်ပေးထားသည့် တိုက်ပွဲမှတ်တမ်း စီဒီသည် တနာရီခန့် အချိန်ကြာမြင့်ပြီး မှတ်တမ်းပြကွက်တခု၌ ယခုနှစ် လယ်ပိုင်းက ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာတခုတွင် ဖြစ်ပွားခဲ့သည့် DBKA နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲကြောင့် ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်သည့် ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပျက်သွားပြီး ပွဲတော်လာ ဘုန်းတော်ကြီးတချို့နှင့် ရွာသား တချို့ ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့ရသည့် မှတ်တမ်းပါရှိသည်။
ထို့အပြင် တိုက်ပွဲကာလများအတွင်း အစိုးရစစ်တပ်နှင့် DKBA တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုများနှင့် သက်ဆိုင်သည့် မှတ် တမ်းများလည်း ပါဝင်သည်။
ယခုလ ၃ ရက်နေ့က ကရင်ပြည်နယ်အစိုးရနှင့် ဘားအံမြို့တွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့သည့် DKBA ကလို့ထူးဘောအဖွဲ့က ယခု ဖြန့်ချိသည့် မှတ်တမ်း စီဒီကြောင့် ၎င်းတို့ သဘောတူညီထားမှုများကို တစုံတရာ ထိခိုက်နိုင်ခြင်း မရှိဟုလည်း DKBA အဖွဲ့က ပြောသည်။
မာနယ်စိုး မှတ်တမ်း စီဒီအား အလိုရှိပါက ဖုန်းနံပါတ် ၀၈၈-၈၁၅၂၁၃၉ သို့ ဆက်သွယ်မှာယူနိုင်သည်ဟု ဆိုသည်။