သတင်း

ဦးသန်းရွှေ မြတ်စွယ်တော် ဖူးမြော်

This article has been converted from Zawgyi One to Unicode

ိလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည်  နေပြည်တော်တွင် ကိန်းဝပ်စံပယ်နေသည့် တရုတ်နိုင်ငံမှ ပင့်ဆောင်လာသော ဗုဒ္ဒမြတ်စွယ်တော်ကို သောကြာနေ့ နေ့လယ်တွင် ဖူးမြော်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့ဝင်တချို့ နှင့် ဒေသခံတချို့က ပြောသည်။

ဦးသန်းရွှေသည် ယခုလ ၆ ရက်နေ့က တရုတ်ပြည်မှ နေပြည်တော်သို့ ကြွချီလာသော စွယ်တော်ကို ထိုနေ့ည သန်းခေါင်ယံ အချိန်တွင် တကြိမ် ဖူးမြော်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

၂၀၀၉ ခုနှစ်က သီရိလင်္ကာနိုင်ငံသို့ ရောက်ရှိစဉ် ကန္ဒီမြို့ရှိ ဗုဒ္ဓမြတ်စွယ်တော်ကို ဖူးမြော်နေသော ဦးသန်းရွှေ (ဓာတ်ပုံ - Reuters)

“ပထမအကြိမ်က ဘယ်လိုလာတယ်ဆိုတာ မသိဘူး။ အခု အကြိမ်ကတော့ အရပ်ဝတ်နဲ့ပဲ” ဟု စွယ်တော် ကိန်းဝပ်စံပယ်ရာ ဥပ္ပါတသန္တိစေတီတွင် တာဝန်ကျသူ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ အရာရှိတဦးက ပြောသည်။

သူ၏ နေအိမ်နှင့် များစွာဝေးကွာခြင်းမရှိသည့် ဥပ္ပါတသန္တိစေတီသို့ ရောက်လာသည့် ဦးသန်းရွှေ၏ လုံခြုံရေးအတွက် ထူးထူးခြားခြား စီစဉ်ထားခြင်း ရှိပုံမရကြောင်း ရဲတပ်သားတဦးက ပြောသည်။

“နေ့လယ်ကြီးကို လာလိုက်တာ။ ဘာမှလည်း မသိရဘူး။ အစောင့်ကားတစီးပဲ ပါတယ်” ဟု ထိုရဲတပ်သားက ပြောသည်။

ကားတံခါးဖွင့်ပေး သူ ရဲအရာရှိအား ဦးသန်းရွှေက ကျေးဇူးတင်ကြောင်း ပြောဆိုသည်ဟု သိရသည်။

အသက် ၈၀ ပြည့်တော့မည့် ဦးသန်းရွှေအား သူ၏ ကိုယ်ရေးအရာရှိ အဖြစ် တာဝန်ယူခဲ့သူ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်  ဗိုလ်ချုပ် စိုးရှိန်က ဘေးမှ တွဲပြီး ဓာတ်လှေကားမှ တဆင့် ဘုရားပေါ်သို့ ပို့ဆောင်ကြောင်း ဘုရားဖူးများက ပြောသည်။

“အရပ်ဝတ်နဲ့ဆိုတော့ တော်ရုံလူက မမှတ်မိဘူး။ ကျနော်တောင် မြင်ဖူးပါတယ် ထင်ပြီး သေချာကြည့်မှ (ဦးသန်းရွှေမှန်း) သိတာ” ဟု အသက် ၄၀ ကျော်အရွယ် ဒေသခံ ဘုရားဖူး အမျိုးသားတဦးက ပြောသည်။

ဦးသန်းရွှေသည် ပြီးခဲ့သည့် နှစ်လနီးပါးက ခရီးတခုမှ ပြန်လာပြီးနောက် ဥပ္ပါတသန္တိ အနီးရှိ စေတီတဆူကို ထီးတော်တင်လှူခဲ့ကြောင်း စရဖ အရာရှိများထံမှ သိရသည်။

ဦးသန်းရွှေသည် ယခင် စစ်အစိုးရ လက်ထက်တွင် ကာကွယ်ရေးဦးစီးချုပ် နှင့် စစ်ကောင်စီ ဥက္ကဋ္ဌအဖြစ် အနှစ် ၂၀ ခန့် တာဝန်ယူပြီး နိုင်ငံကို အုပ်ချုပ်ခဲ့ပြီး ယခုနှစ်ဆန်းပိုင်းတွင် ဦးသိန်းစိန် ခေါင်းဆောင်သည့် အစိုးရအဖွဲ့ထံ အာဏာလွှဲအပ်ခဲ့သည်။

သို့သော်လည်း အာဏာရှင်အဖြစ် နှစ်ပေါင်းများစွာ အရှိန်အဝါ ကြီးမားခဲ့သူ ဦးသန်းရွှေသည် စစ်ခေါင်းဆောင်ဟောင်းများဖြင့် ဖွဲ့စည်းထားသည့် အရပ်သားအစိုးရအပေါ် သြဇာလွှမ်းမိုးဆဲဖြစ်သည်ဟု အများအပြားက ယုံကြည်နေကြသည်။

ဤအတောအတွင်း ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာသည့် သမ္မတဦးသိန်းစိန်၏ လုပ်ရပ်တချို့ကို မကျေနပ်သော အရပ်သားအစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသူများက ဦးသန်းရွှေအား ပြန်လည် ချည်းကပ်နေကြပြီး သမ္မတ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အနှောင့်အယှက်ပြုနေကြသည်ဟူသော သတင်းများလည်း ထွက်ပေါ်နေသည်။

အနောက်တိုင်း သတင်းဌာနတခုဖြစ်သည့် Wall Street Journal က ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် မကြာသေးမီက တွေ့ဆုံစဉ် ဦးသန်းရွှေ မြန်မာ့နိုင်ငံရေးလောကမှ အမှန်တကယ် အနားယူသွားခြင်း ရှိမရှိ မေးမြန်းရာ ဝန်ကြီးက တိတိကျကျ အဖြေပေးခြင်း မရှိဘဲ ဦးသန်းရွှေ စာဖတ်နေသည်ဟုသာ ပြန်လည် ဖြေကြားခဲ့သည်။

Loading