အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ကြားဖြတ် ရွေးကောက်ပွဲဝင်ရန် မကြာသေးခင်က ဆုံးဖြတ်လိုက်ခြင်းမှာ နိုင်ငံအတွက် စွန့်စား လုပ်ဆောင်လိုက်ခြင်းဖြစ်ပြီး လူထု ထောက်ခံမှု လိုအပ်သည်ဟု ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောလိုက်သည်။
ယနေ့ နံနက် ရန်ကုန်တက္ကသိုလ်အနီးရှိ ယုဒဿန်ရိပ်သာတွင် ပြုလုပ်သော ပညာရေးကွန်ရက် တနှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“ဒီလိုစွန့်စားပြီး လျှောက်တဲ့အခါမှာ ပြည်သူလူထုရဲ့ ထောက်ခံ အားပေးမှု ရလိမ့်မယ်လို့ မျှော်လင့်လို့ ကျမတို့ လျှောက်တာဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
“ကျမတို့နဲ့ မတူတဲ့သဘောထားတွေကိုလည်း နားလည်ပါတယ်။ မတူတဲ့ သဘောထားတွေကိုလည်း နားထောင်ပါတယ်။ ဒါပေမဲ့လည်း လမ်းတလမ်းကို လျှောက်ဖို့ ဆုံးဖြတ်တဲ့အခါမှာ ကောင်းမယ်ထင်တဲ့ လမ်းကို ကျမတို့ လျှောက်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က အခမ်းအနား ဖွင့်ပွဲတွင် ပြောသည်။
ရွေးကောက်ပွဲ ကော်မရှင်တွင် ပြန်လည် မှတ်ပုံတင်ပြီး အချိန်ဇယား မသတ်မှတ်ရသေးသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သောကြာနေ့တွင် ပြုလုပ်သော NLD ဗဟိုဦးစီးအဖွဲ့ အစည်းအဝေးက ဆုံးဖြတ်ထားသည်။
NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ရန်ကုန်အခြေစိုက် သတင်းထောက်များနှင့် ယနေ့ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကြားဖြတ် ရွေးကောက်ပွဲ ဝင်မည်ဟု ပြောဆိုလိုက်သည်။ သို့သော်လည်း မဲဆန္ဒနယ်မြေကို ရွေးခြယ်ခြင်း မပြုရသေးဟု ဆိုသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သော ပညာရေးကွန်ရက် တနှစ်ပြည့် ဈေးရောင်းပွဲတော်သို့ ဆောင်းဦးလှိုင်၊ မီးမီးခဲ၊ ထူးအယ်လင်း၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ရင်ဂို၊ ကိုရဲလွင်၊ အနဂ္ဂ၊ သံသာဝင်း အစရှိသော ဂီတလောကမှ နာမည်ကျော်များ အပါအဝင် ပရိတ်သတ် ရာပေါင်းများစွာကို တွေ့ရသည်။
ပညာရေးကွန်ရက်သည် ယမန်နှစ်က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ ပြန်လွတ်လာပြီး မကြာမီ ဖော်ဆောင်ခဲ့သည့် ဒီမိုကရေစီကွန်ရက်၏ အစိတ်အပိုင်းတခု ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့ မိန့်ခွန်းတွင် ပညာရေးနှင့် ပတ်သက်သည့် အကြောင်းအရာများ ပါဝင်ပြီး ပညာနှင့်သာ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံ တည်ဆောက်နိုင်ကြောင်း၊ ပညာကို ရသည့်နည်းဖြင့် လေ့လာ သင်ယူရမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့သည်။