အစိုးရ ရထား ပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ငြိမ်းချမ်းရေး အတွက် ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S) မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ် ဦးဆောင်သော အဖွဲ့နှင့် ထိုင်း-မြန်မာ နယ်စပ် တနေရာတွင် ပြီးခဲ့ သည့် စနေနေ့က တွေ့ဆုံဆွေး နွေးခဲ့ကြသည်။
ယင်းသို့တွေ့ဆုံရာတွင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနှင့် ပတ်သက်သည့် အစိုးရ၏ သဘောထားများကို ဆွေးနွေးကြကြောင်း SSA-S ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဧရာဝတီသို့ ပြောသည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် SSA ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ လက်နက်ကိုင်ဆောင်၍ သွားလာခွင့် မပြုရေး၊ ဗဟိုအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကို အစိုးရ ကိုယ်စား လှယ်များက ချပြကြောင်း ၎င်းက ဆိုသည်။
“အစိုးရက ချပြတဲ့ သဘောထားနဲ့ ကျနော်တို့ သဘောထား တိုက်ဆိုင်တယ်၊ လက်ခံတယ်ဆိုရင် တရားဝင် လက်မှတ် ရေးထိုးဖို့ ဝန်ကြီး ဦးအောင်မင်းက အဲဒီလို ကျနော်တို့ကို ပြောကြားထားပါတယ်”ဟု ဗိုလ်မှူး စိုင်းလောင်ဆိုင်းက ဆက်ပြောသည်။
သို့သော် ယခုဆွေးနွေးပွဲသည် ပဏာမ ဆွေးနွေးပွဲ အဆင့်သာဖြစ်ပြီး အသေးစိတ် ထပ်မံ ဆွေးနွေးရန် လိုအပ်သေးကြောင်း ၎င်း က ဆိုသည်။
ဦးအောင်မင်းနှင့် အတူ ဦးဟန်ညောင်ဝေ၊ ဒေါက်တာ ဦးနေဝင်းမောင်၊ ဒေါက်တာ ကျော်ရင်လှိုင်၊ ဦးတင်မောင်သန်း တို့လည်း ယင်း ဆွေးနွေးပွဲကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲ တက်ရောက်ခဲ့သည့် အစိုးရ ကိုယ်စားလှယ်တဦးက တိုင်းရင်းသားများ၏ ရေရှည် ငြိမ်းချမ်းရေးကို ဦးတည်နေသော တွေ့ ဆုံဆွေးနွေးပွဲ အစစ်အမှန် ဖြစ်သည်ဟု ဝန်ကြီး ဦးအောင်မင်း၏ ပြောကြားချက်ကို ကိုးကား၍ ပြောပြသည်။
ဒေါက်တာ ကျော်ရင်လှိုင်ကလည်း Myanmar Egress အနေနှင့် ယင်း ငြိမ်းချမ်းရေးအစီအစဉ်ကို အဆင်ပြေ ချောမွေ့ရန် ဝန်ကြီး ဦးအောင်မင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။
SSAဘက်က အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ တွေ့ဆုံဆွေးနွေး အဖြေရှာရေး၊ မိမိထိန်းချုပ် နယ်မြေတွင် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ လုပ်ဆောင်နိုင်ရေး၊ အစိုးရနှင့် ပူးပေါင်း၍ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စသည့် အချက်များကိုလည်း အစိုးရထံတွင် တောင်းဆိုထားကြောင်း သိရသည်။
သြဂုတ်လဆန်းပိုင်းတွင်အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရများနှင့် ဆက်သွယ် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း SSA တောင်ပိုင်း တပ်ဖွဲ့ဝင်များ အနေနှင့် အစိုးရထံသို့ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြားခဲ့သောကြောင့် ယခုကဲ့သို့ တွေ့ဆုံနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (NDAA)၊ ကချင်လွတ်လပ်ရေး အဖွဲ့(KIO) တို့နှင့်လည်း အစိုးရက တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
အလာတူ မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း( SSA-N )၊ ကရင်အမျိုးသား အစည်းအရုံ (KNU) တပ်ဖွဲ့ဝင် တို့ကိုလည်း ကမ်းလှမ်းထားပြီး ယခုရက်ပိုင်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
KNU ကိုယ်စားလှယ်အဖွဲ့တွင် ဗိုလ်ချုပ် မူတူးဆေးဖိုး၊ ပဒို ဒေးဗစ်ထော နှင့် ပဒို စောအားတိုး တို့ပါဝင်သည်။
ပဒို စောအားတိုးက“အလွတ်သဘော အချက် ၄ ချက်ဆွေးနွေးခဲ့ပါတယ်၊ စပြီး အပစ်အခတ် ရပ်စဲရေးလုပ်ဖို့၊ နိုင်ငံရေး ကိစ္စတွေ ဆွေးနွေးဖို့၊ လုံး၀ အပစ်အခတ် ရပ်စဲပြီးရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စတဲ့ အချက်တွေပါတယ်”ဟု ဧရာဝတီသို့ ပြော သည်။
သို့သော် ယခုဆွေးနွေးချက်များကို နှစ်ဘက် သဘောတူ လက်မှတ်ထိုးခြင်း မရှိကြောင်း၊ ပထမအဆင့် တွေ့ဆုံဆွေးနွေးခြင်း ဖြစ် ကြောင်းလည်း ၎င်းက ဆိုသည်။
SSA တောင်ပိုင်းတပ် က ယခင် မြန်မာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် မယူရသေးသည့် တိုင်းရင်းသား တပ်ဖွဲ့ အနည်းစုတွင် ပါဝင်သည့် လက်နက်ကိုင် အဖွဲ့တခု ဖြစ်သည်။
SSA သည် ရှမ်းပြည် ညီညွတ်ရေးနှင့် တော်လှန်ရေးတပ်(SURA)မှ ဒု ဗိုလ်ချုပ်ကြီး ရွက်ဆစ်က ပြောင်းလဲ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ SURA သည် ၁၉၉၆ ခုနှစ်တွင် မြန်မာ စစ်အစိုးရထံ လက်နက်ချခဲ့သော ခွန်ဆာဦးဆောင်သည့် မော်ထိုင်း တပ်မတော်(MTA)မှ ခွဲထွက် အဖွဲ့ဖြစ်သည်။