တနင်္ဂနွေနေ့ ညနေက နိုင်ငံရေးလှုပ်ရှားသူ ၁၅၀ ထက် မနည်း ရန်ကုန်မြို့ ဗိုလ်တထောင်ဘုရားတွင် စုဝေးပြီး ဆုတောင်းပွဲ ပြုလုပ်ခဲ့သည်။
ထိုသို့ စုဝေးမှုသည် ၉၁ နှစ်မြောက် အမျိုးသားနေ့နှင့်လည်း တိုက်ဆိုင်နေသည်။

“(ထောင်ထဲက) နိုင်ငံရေးသမားများ အမြန် လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားတွေအပေါ်မှာ ထိုးစစ်ဆင်မှုတွေ အမြန်ဆုံး ရပ်တန့်အောင် ဒီဆုတောင်းပွဲ ကျင်းပရတာပါ” ဟု ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုမြတ်သူက ပြောသည်။
ဆုတောင်းပွဲသို့ ရောက်လာသူများထဲတွင် နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များ၊ ထောင်မှ ပြန်လွတ်လာသူများ၊ အဆိုတော် ဇေယျာသော်၊ လင်းလင်း တို့လည်း ပါဝင်သည်။
“ကျနော်လည်း အမှန်တရားအတွက် လုပ်ဆောင်သွားမှာပါ” ဟု အဆိုတော် လင်းလင်းက ဧရာဝတီကို ပြောသည်။
ဗိုလ်တထောင်စေတီတွင် ထိုသို့ စုဝေးပြီး ဆုတောင်းပွဲ ကျင်းပစဉ် အာဏာပိုင်တို့က ဟန့်တားခြင်း မရှိကြောင်း သိရသည်။
ယခင်က ထိုသို့သော ဆုတောင်းပွဲများကို ရွှေတိဂုံ၊ ဆူးလေ စသည့် စေတီများတွင်သာ ပြုလုပ်လေ့ရှိသည်။
ဆုတောင်းပွဲတွင် ပါဝင်သည့် ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်၊ Generation Wave (မျိုးဆက်သစ်လူငယ်) စသည့် အဖွဲ့ ၃ ဖွဲ့က အမျိုးသားနေ့နှင့် ပတ်သက်သည့် ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။
ကြေညာချက်တွင် အမျိုးသားနေ့အကြောင်း ဖော်ပြထားပြီး အမျိုးသားရင်ကြားစေ့ရေးကို လက်တွေ့အကောင်အထည် ဖော်ရန် အစိုးရအား တိုက်တွန်းထားသည်။ ထိုသို့ လုပ်ဆောင်နိုင်ရေးအတွက် အပစ်အခတ် ရပ်စဲပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်၊ နိုင်ငံရေး အကျဉ်းသား အားလုံးကို အမြန်ဆုံး လွှတ်ပေးရန် လိုအပ်သည်ဟု ဖော်ပြထားသည်။
ဤအတောအတွင်း အစိုးရက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုတချို့ ပြုလုပ်နေသော်လည်း ရာနှင့်ချီသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ပေးမည့် အရိပ်အယောင် မပြသေးပေ။