နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်က အစိုးရအနေနှင့် ၎င်းကို လွှတ် ပေးရန် မမျှော်လင့်ကြောင်း ပြောဆိုလိုက်သည်ဟု မကြာသေးမီက မိသားစုဝင်များနှင့် အတူ ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့သည့် ကိုမြတ်သူက ပြောသည်။

“သူ့ကို လွှတ်မယ် မထင်ဘူး၊ သူရဲ့ ရဲဘော်တွေကိုလည်း သူ့အတွက် မရင်းကြပါနဲ့လို့ ပြောလိုက်တယ်”ဟု ၎င်းက ဆိုသည်။
ကိုမြတ်သူသည် ၈၈ ကျောင်းသားများ အဖွဲ့ဝင် တဦးဖြစ်ပြီး သရက်ထောင်ရှိ ကိုမင်းကိုနိုင်ကို မိသားစုဝင်နှင့် အတူ ယမန်နေ့ က ထောင်ဝင်စာ သွားရောက်တွေ့ ဆုံခဲ့ခြင်း ဖြစ်သည်။
ယခင် ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅နှစ် ချမှတ်ခံထားရသည့် ကိုမင်းကိုနိုင်ကို အာဏာပိုင်များက ရန်ကုန် အင်းစိန်ထောင်မှတဆင့် ပြီးခဲ့သည့် သောကြာနေ့က မကွေးတိုင်း သရက်ထောင်သို့ ထပ်မံပြောင်းရွှေ့ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
ယခုလ ၁၂ ရက်နေ့တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က သမ္မတ ဦးသိန်းစိန်ထံသို့ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသည့် နိုင်ငံရေး အကျဉ်းသားများကို ထပ်မံ လွှတ်ပေးရေးနှင့် ထိန်းသိမ်းရန် လိုအပ်သေးသည့် သူများကို
မိသားစုဝင်များ တွေ့ဆုံသွားလာလွယ်ကူသော အကျဉ်းထောင်များသို့ ပြောင်းရွှေ့ပေးရန် တင်ပြခဲ့သည်။
အဆိုပါ ကော်မရှင်က တင်ပြခဲ့ပြီးနောက် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်မည်ဟု အများက မျှော်လင့်နေကြသော် လည်း ယခုအချိန်အထိ အစိုးရက လွှတ်ပေးခြင်း မရှိသေးပေ။
၂၀၁၀ ပြည့်နှစ်က ရန်ကုန်မြို့ ကန်တော်ကြီးပတ်လမ်းရှိ X2O ရေကစားမဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုအား သွားရောက် ဓာတ်ပုံရိုက် သတင်းယူခဲ့သည့်အတွက် ထောင်ဒဏ် ၁၀နှစ် ချမှတ်ခံခဲ့ရသည့် ကိုစည်သူဇေယျကိုလည်း အင်းစိန်ထောင်မှ ဟင်္သာတ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း မိခင်ဖြစ်သူ ဒေါ်ရီရီတင့်က ဧရာဝတီသို့ ပြောသည်။
“လွှတ်ပေးမယ်လို့ ပြောနေတော့လည်း မျှော်လင့်တာပေါ့၊ အခု ဒီအတိုင်း ဆိုရင် မပါဘူးလို့ပဲ ပြောရမလား မသိဘူး၊ ကနေ့ အထိ မထွက်လာဘူး ဆိုတော့ မဟုတ်သေးဘူးလို့ ထင်တာပဲ”ဟု ၎င်းက ဆိုသည်။
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် မနီလာသိန်း၊ ရွှေဝါရောင် အရေးအခင်းတွင် ပါဝင်ခဲ့သော သံဃာ တော် အရှင်ဂမ္ဘီရ တို့ကိုလည်း အာဏာပိုင်များက ထောင်ပြောင်းရွှေ့မှုများ ပြုလုပ်ခဲ့ကြသည်။
စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၃ နှစ် ချခံနေရသည့် အရှင်ဂမ္ဘီရကို ဧရာဝတီတိုင်း မြောင်းမြ ထောင်၊ မကွေးတိုင်း သရက်ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခံထားရသည့် မနီလာသိန်းကို သာယာဝတီ ထောင်တို့ကို ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
မနီလာသိန်းသည်၂၀၀၇ ခုနှစ် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေးအတွက် လမ်းလျှောက်ဆန္ဒပြခဲ့သောကြောင့် ဖမ်း ဆီး ၍ ထောင်ဒဏ် ချမှတ်ခံရပြီး ခင်ပွန်းဖြစ်သူ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သည့် ကိုဂျင်မီမှာ တောင်ကြီး ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသည်။
ကိုမင်းကိုနိုင် အပါအဝင် ကိုကိုကြီး၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုမြအေး၊ ကိုမင်းဇေယျာ၊ ကိုပဏ္ဍိတ်ထွန်း စသည့် ကျောင်းသား ခေါင်းဆောင် ၁၅ ဦးကို စစ်အစိုးရက ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးလမ်းလျှောက် ဆန္ဒပြခဲ့သည့်အတွက် ထောင်ဒဏ် ၆၅ နှစ်စီ အသီးသီးချမှတ်ပြီး နယ်ဝေးထောင်များသို့ ပို့ခဲ့သည်။