ျင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် စစ်ပွဲများကြောင့် ထွက်ပြေးနေရသည့် ဒုက္ခသည်များကို ပြည်တွင်းအခြေစိုက် လူမှုရေးလုပ် ငန်း လုပ်ကိုင်နေသည့် အဖွဲ့အစည်းများက မကြာမီရက်ပိုင်းတွင် သွားရောက်ကူညီမည် ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိပက္ခများ၌ အပြစ်မဲ့ပြည်သူများ ဒုက္ခရောက်နေကြောင်း၊ ထို့ကြောင့် လူသားချင်းစာနာသည့် အနေဖြင့် ရန်ကုန် အခြေစိုက် လူမှုရေးလုပ်ငန်းများ လုပ်ကိုင်နေသည့် အဖွဲ့များနှင့် ပူးပေါင်းကာ သွားရောက်ကူညီရန် ဆုံးဖြတ်ခြင်း ဖြစ်ကြောင်း မန္တလေး အခြေစိုက် “ဘဝအလင်း” ပရဟိတ လူမှုရေး အဖွဲ့၏ ဦးစီးပဓာန နာယက ဆရာတော် ဦးဥတ္တမသာရ က ဧရာဝတီသို့ မိန့်ကြားသည်။
“အရင်တုန်းကတော့ ရေဘေးတို့၊ လေဘေးတို့ သဘာ၀ ဘေးအန္တရာယ်ဖြစ်မှ အကူအညီပေးတယ်။ အခုတော့ ဒုက္ခရောက်တဲ့ သူတိုင်းကို အကူအညီပေးဖို့ ဆုံးဖြတ်ထားတယ်” ဟု ဆရာတော်က ဆိုသည်။
စစ်ဘေးဒုက္ခသည်များအား လာမည့် နိုဝင်ဘာ ၂၅ ရက်နေ့တွင် သွားရောက်လှူဒါန်းမည်ဖြစ်ပြီး မန္တလေးမြို့ရှိ ကျောက်စိမ်း ရောင်းဝယ်ရေး ပွဲရုံများ၏ ကူညီပံ့ပိုးမှုဖြင့် စုစုပေါင်းလှူဒါန်းငွေကို ကျပ်သိန်း ၃၀၀ အထိ ရည်ရွယ်ထားကြောင်း ဆရာတော်က ဆက်လက် မိန့်ဆိုသည်။
လက်ရှိ အခြေအနေအရ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်၊ မိုးကောင်း၊ ဗန်းမော်စသည့် မြို့နယ်ရှိ ကျေးရွာများနေ ပြည်သူ များမှာ မိုင်းနှင့် ဗုံးအန္တရာယ်များကြောင့် အထိတ်တလန့်ဖြစ်ကာ သွားလာနေရကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်တို့တွင် ယခုအခါ ဒုက္ခသည်စခန်ေးပါင်း ၂၂ ခုရှိနေပြီး လူမှုရေးကိုသာ အဓိကထား လုပ်ကိုင်သည့် ပြည်တွင်းအခြေစိုက် ပရဟိတ လူမှုရေးအသင်းများ အနေဖြင့် စစ်ပွဲနှင့် ပတ်သက်သည့် ဒုက္ခသည်များကို ပထမဆုံး အကြိမ် ကူညီခြင်းဖြစ်ကြောင်း၊ ယခုလှူဒါန်းမှုကြောင့် တခြားသော လူမှုရေးအသင်းများလည်း ပါဝင် ကူညီလာနိုင်ကြောင်း ဆရာတော်က ဆိုသည်။
ဘဝအလင်း ပရဟိတအသင်းသည် ပညာရေး၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အကူအညီပေးရေး လုပ်ငန်းများကို လုပ်ကိုင်နေပြီး မကြာသေးခင်က မကွေးတိုင်း ပခုက္ကူ၊ ဆိပ်ဖြူ၊ ပေါက်ဒေသများရှိ ရေဘေးဒုက္ခသည်များကို လှူဒါန်းခဲ့သေးသည်။
ပြီးခဲ့သည် ဇွန်လကတည်းက အစိုးရစစ်တပ်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တို့အကြား စတင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများမှာ ယခုထက်တိုင် ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ အဝတ်အထည် အသုံးအဆောင်များ လိုအပ်နေကြောင်း တရုတ် – မြန်မာနယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့များ အဆိုအရ သိရသည်။