သတင်း

ဦးခင်ရွှေအား သတင်းထောက်များ ကန့်ကွက်

This article has been converted from Zawgyi One to Unicode

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်ရွှေက သတင်းသမားများသည် ပေးတာယူ၊ ကျွေးတာစားပြီး ပြောသည့် အတိုင်း မရေးကြသူများဖြစ်သည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သဖြင့်  ပြည်တွင်းမှ စာနယ်ဇင်းသမားများ စုပေါင်းလက်မှတ်ထိုး ကန့်ကွက်ပြီး ဗုဒ္ဓဟူးနေ့တွင် သမ္မတ ဦးသိန်းစိန်ထံ တိုင်ကြားသွားမည်ဟု သိရသည်။

၂၀၁၁ နိုဝင်ဘာ ၃ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် အစည်းအဝေး တခုတွင် တွေ့ရသော ဦးခင်ရွှေ (ဓာတ်ပုံ - Reuters)

နိုဝင်ဘာလ ၁၅ ရက်နေ့က ရန်ကုန်မြို့၊ ယုဇနဂါးဒင်းဟိုတယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ဦးခင်ရွှေက ထိုသို့ ပြောဆိုခြင်းဖြစ်သည်ဟု ဆိုသည်။

“ကျွေးတာ စားဖို့၊ ပေးတာယူဖို့ လာတာ မဟုတ်ဘူး၊  သတင်းယူဖို့ လာတာ။ သတင်း သမားဆိုတာ မေးခွန်းမေးမယ်၊ ဖြေတာ မဖြေတာက ခင်ဗျားကိစ္စ လို့ ချက်ချင်း ပြန်ပြောတော့ ခင်ဗျားတို့ နိုင်ငံခြားသတင်းထောက်တွေ ပြောတာ မဟုတ်ဘူး၊ ပြည်တွင်းဂျာနယ်က သတင်းထောက်တွေကို ပြောတာပါလို့ ပြန်ဖြေတယ်” ဟု Reuters သတင်းဌာနမှ ဦးအောင်လှထွန်းက  ထိုသတင်းစာ ရှင်းလင်းပွဲ အဖြစ်အပျက်ကို ပြန်ပြောပြသည်။

လူငယ်သတင်းထောက်များ၊ သတင်းစာဆရာကြီးများဖြင့် ဖွဲ့စည်းထားသော မြန်မာ သတင်းထောက်များကွန်ရက်က ဦးဆောင်ပြီး ရန်ကုန်မြို့လယ်ရှိ လေထန်ကုန်း၊ ဧရာဗိုလ် လက်ဘက်ရည်ဆိုင်တို့တွင် ယနေ့နံက် ၁၀ နာရီမှ ညနေ ၆ နာရီအတွင်း လက်မှတ်ရေးထိုးကြမည်ဟု ကွန်ရက်အဖွဲ့ဝင်တချို့က ဧရာဝတီကို ပြောသည်။

“ကွန်ရက်အဖွဲ့ဝင် သတင်းထောက် ၁၃၀ အပြင် တခြားသတင်းထောက်တွေ အားလုံး လက်မှတ်ထိုးနိုင်အောင် စီစဉ်ထား ပါတယ်၊ မနေ့ဖြန် သမ္မတနဲ့ လွှတ်တော်က ရေးရာ ကော်မတီ တချို့ကို စာပို့မယ်၊ ပြီးရင် ဦးခင်ရွှေ ပြောတာကို ကန့်ကွက် ရှှုတ်ချကြောင်း ကြေညာချက် ထုတ်မယ်” ဟု သတင်းထောက်တဦးက ရှင်းပြသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရသည့်နေရာဖြစ်သော ဝန်ကြီးများရုံးအား ဟိုတယ်အဖြစ် ပြောင်းလဲ လုပ်ကိုင်လိုသူ ရှိပါက ငှားရမ်းပေးမည်ဟု မြန်မာနိုင်ငံ ဟိုတယ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးခင်ရွှေက  ပြည်တွင်း၊ ပြည်ပမီဒီယာများကို ပြောဆိုခဲ့သည်။

သို့သော်လည်း ဦးခင်ရွှေ၏ ကမ်းလှမ်းချက်အား ကန့်ကွက်ပြောဆိုမှုများ မီဒီယာတွင် ဖော်ပြခဲ့ကြပြီးနောက်တွင် သမိုင်းဝင် အဆောက်အအုံအား ဟိုတယ်အဖြစ် ပြောင်းလဲမည့် အစီအစဉ် ပျက်သွားခဲ့သည်။

ထိုအစီအစဉ် ပျက်သွားခြင်းကို ဦးခင်ရွှေက ကျေနပ်မှုမရှိကြောင်း၊ ထို့ကြောင့် မီဒီယာများသည် အဆိုးမြင် ဝါဒ ဖြင့်ရေးသားနေကြသည်ဟု မှတ်ချက်ခဲ့ခြင်း ဖြစ်ကြောင်း နိုဝင်ဘာလ ၁၅ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူ လူငယ်သတင်းထောက် တချို့က ပြောသည်။

ကွန်ရက်အဖွဲ့ကို ပြီးခဲ့သည့် စက်တင်ဘာလက ဖွဲ့စည်းထားခြင်း ဖြစ်ပြီး ရန်ကုန်၊ မန္တလေး၊ ရခိုင်ပြည်နယ်တို့မှ သတင်းသမားများ ပါဝင်သည်။ ကွန်ရက်အဖွဲ့၏ လတ်တလော အစီအစဉ်ကို သတင်းစာဆရာ မောင်ဝံသက ကြိုဆို လိုက်သည်။

“ဦးခင်ရွှေရဲ့ ပြောဆိုမှုဟာ မီဒီယာတွေ အဆင့်အတန်း မရှိဘူးလို့ ပြောတာနဲ့ အတူတူပဲ၊ သတင်းစာ လုပ်လာတာ နှစ် ၅၀ ရှိပြီ၊ ဒီလိုပြောတာမျိုး လုံး၀ သည်းမခံနိုင်ဘူး၊ အဲဒီတော့ ဒီလိုပြောတာတွေ ရပ်တန့်ဖို့၊ နောက်ထပ် မလုပ်ဖို့ ဆိုတာတွေကို ကျနော်တို့က ချေပဖို့၊ ရှင်းလင်းဖို့ လိုအပ်တယ်၊ ဒါကြောင့် သတင်းထောက်ကွန်ရက်က လုပ်တာကို ထောက်ခံတယ်” ဟု ဆရာ မောင်ဝံသက ဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ဧရာဝတီမှ  ဦးခင်ရွှေအား မေးမြန်းရာ “ပုတ်ခတ်တာ မဟုတ်ပါဘူး၊ မိဘက သားသမီးကို ပြောတဲ့၊ ဆုံးမတဲ့ သဘောမျိုး ပြောပြတာပါ၊ ကိုယ့်ရဲ့ ရရှိထားတဲ့ စတုတ္ထမဏ္ဍိုင်ကို မဆုံးရှှုံးရအောင်  ကောင်းတာတွေလည်း ရေးကြ ဦးပေါ့၊ အဆိုးတွေချည်းပဲ ရေးမှ မီဒီယာမဟုတ်ပါဘူးလို့ ပြောတာပါ” ဟု ဆိုသည်။

နိုင်ငံတော်အစိုးရ သွားနေသော လမ်းကြောင်းသည် ကောင်းမွန်နေကြောင်း၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို အလေးထား ပြောဆိုနေကြောင်း၊ ထို့ကြောင့် ကောင်းသည့်အရာများကို အဓိက ရေးသားရန် လိုအပ်ပြီး အဆိုးများရေးနေပါက  လမ်းကြောင်း ပြောင်းသွားမည်ကို စိုးရိမ်သည့်အတွက် ယခုကဲ့သို့ ပြောဆိုရခြင်းဖြစ်ကြောင်း ဦးခင်ရွှေက ရှင်းပြသည်။

သတင်းစာဆရာ မောင်ဝံသက “အဲဒီလို ပြန်ချေပတာက ပိုပြီး ခံပြင်းတယ်၊ ထပ်ပြီး စော်ကားလိုက်သလိုပဲ၊ အလကားနေရင်း ဘာကြောင့် ကျနော်တို့က သူ့ သားသမီးတွေ ဖြစ်သွားရတာလဲ၊ သူ့ကို မိဘလို့လည်း မသတ်မှတ်နိုင်ဘူး၊ လုပ်ငန်းရှင် တယောက် လို့ပဲ နားလည်တယ်၊ မြင်တယ်” ဟု ဆိုသည်။

မောင်ဝံသက “စတုတ္ထမဏ္ဍိုင်အား မထိပါးပါနဲ့” ဟူသော ဆောင်းပါးတပုဒ်အား ယနေ့ ထုတ်ဝေသည့်  ပြည်သူ့ခေတ်ဂျယ်နယ်၌ ရေးသား ဖော်ပြထားသည်ဟု သိရသည်။

ထိုဆောင်းပါးသည် ဦးခင်ရွှေ တဦးတယောက်တည်းကို ရည်ရွယ်ခြင်းမဟုတ်ဘဲ အားလုံးကို ရည်ရွယ်ရေးသားထားကြောင်း၊ စတုတ္ထမဏ္ဍိုင်သည် ပြည်သူ အားလုံး အတွက် လုပ်ကိုင်နေခြင်းကြောင့် မထိပါးစေရေး အတွက် ရေးသားရခြင်း ဖြစ်ကြောင်း  ပြည်သူ့ခေတ်ဂျယ်နယ် အတိုင်ပင်ခံ အယ်ဒီတာ မောင်ဝံသက ပြောသည်။

သတင်းထောက်များ သမ္မတထံ တိုင်ကြားရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဦးခင်ရွှေ “ဒါကတော့ သူတို့ အလုပ်ပေါ့၊ ဘာဖြစ်လို့လဲ ဆိုတော့ ပြည်တွင်းမီဒီယာတွေက နုသေးတာကော၊ အတွေ့အကြုံက နည်းသေးတယ်” ဟု ဆိုသည်။

ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေသည် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းနှင့် ခမည်းခမက် တော်စပ်သည်။

Loading