မြန်မာနိုင်ငံ ရှမ်းပြည်မြောက်ပိုင်းရှိ မြို့နယ် ၁၀ ခုတွင် အာဏာပိုင်များက ဒေသခံပြည်သူများ၏ မြေယာ များကို အစိုးရစီမံကိန်းများအတွက် ဧက ၄၂၉၄၀ ခန့်သိမ်းယူခဲ့ကြောင်း ထိုင်းနယ်စပ် အခြေစိုက် တအောင်း ပလောင် ကျောင်းသားနှင့် လူငယ်အစည်းအရုံး (TSYO) က ပြောသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့ ဆောင်ရွက်နေသည့် ရေအားလျှပ်စစ်၊ ဓာတ်ငွေ့ ပိုက်လိုင်း သွယ်တန်းမှု၊ မီးရထားလမ်းဖောက်လုပ်မှု စီမံကိန်းများအတွက် ဒေသခံများ၏ မြေယာများကို အာဏာပိုင်းများက အဓမ္မ သိမ်းယူခဲ့သဖြင့် ဒေသခံများ အတိဒုက္ခ ရောက်နေရသည့်အကြောင်းကို နိုင်ငံတကာက သိရှိနိုင်ရန်အတွက် “ခြံမြေများအဓမ္မ သိမ်းပိုက်ခြင်း” အမည်ရှိ အစီရင်ခံစာတစောင်ကို TSYO အဖွဲ့က ထိုင်း – မြန်မာနယ်စပ်၌် ဖြန့်ချိသည့် အခမ်းအနားတွင် ယနေ့ပြောဆိုလိုက်ခြင်း ဖြစ်သည်။
TSYO အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ မိုင်ပန်လက “အထူးသဖြင့် ဒီကိစ္စကို လူမသိသူမသိ ဥပေက္ခာ ပြုခံ နေရတယ်။ ဒါတွေကို နိုင်ငံတကာမှာ ထင်ဟပ်စေဖို့ အတွက် ဒီသုတေသန စာတမ်းကို ထုတ်ဝေ ရတာပါ” ဟု ဆိုသည်။
စာမျက်နှာ ၇၀ ပါရှိသည့် ၎င်းအစီရင်ခံစာတွင် ရှမ်းပြည်မြောက်ပိုင်းရှိ မန်တုန်၊ နမ့်ဆန်၊ နမ့်ခမ်း၊ မူဆယ်၊ လားရှိုး၊ကျောက်မဲ၊ သီပေါ၊ ကွတ်ခိုင်၊ သိန္နိ၊ နမ္မတူ စသည့် မြို့နယ်များအတွင်း အစိုးရ၏ အဓမ္မ သိမ်းယူ မှုကြောင့် အိမ်ခြေ ၈၅၈၈ အိမ် ထိခိုက်ခံစားခဲ့ရပြီး လယ်ယာခြံမြေ ဧကပေါင်း ၄၂၉၄၀ ခန့်ကို သိမ်းယူ သွားခဲ့ကြောင်း ၂၀၀၉ ခုနှစ် ဧပြီလမှ စတင်ကာ ၂၀၁၁ ဧပြီ လအထိ ကွင်းဆင်း သတင်းထောက်များ၏ တွေ့ရှိချက်များကို ကိုးကား ဖော်ပြထားသည်။
မြန်မာနှင့် တရုတ်နိုင်ငံတို့၏ ဖက်စပ်စီမံကိန်းမှ ထွက်ရှိလာမည့် အကျိုးရလဒ် များကို ဒေသခံ ပြည်သူများ ရရှိ ခံစားရမည် မဟုတ်ဘဲ အိမ်နီးခြင်း တရုတ်နိုင်ငံကသာ ရရှိမည်ဖြစ်ကြောင်း၊ ခြံမြေ သိမ်းပိုက်ခြင်း ခံရသူ များမှာ ဆွေးနွေးတိုင်ပင်ခြင်း မခံရဘဲ ရွှေ့ပြောင်းထွက်ခွာရန် အမိန့်ပေးခြင်းသာ ခံခဲ့ရကြောင်း TSYO အဖွဲ့က ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ရောက် ပလောင်ဒေသခံ တဦးက “ကျနော်တို့ ဘိုးဘွားလက်ထက်က သီပေါနဲ့ လားရှိုးကြားမှာရှိတဲ့ ဥယာဉ်ခြံဆိုရင် ကာလပေါက်ဈေး သိန်း ရာနဲ့ချီ တန်ဘိုးရှိပေမယ့် စစ်တပ်က တပ်စခန်း ဆောက်ဖို့အတွက် အတင်းအဓမ္မ အသိမ်းခံခဲ့ရတယ်၊ ဘာနစ်နာကြေးမှ မပေးဘူး။ အခုတော့ ကျနော်တို့ ဥယာဉ်ခြံဟာ စစ်တပ်ပိုင် ဖြစ်သွားပြီ။ ကျနော်တို့လို ဘဝတူတွေ အများကြီးပဲ၊ ဘာမှ မတတ်နိုင်ကြဘူး” ဟု ဆိုသည်။
အဓမ္မ မြေယာသိမ်းခံရသည့် ဒေသများနှင့်ပတ်သက်၍ အစီရင်ခံစာတွင် တည်နေရာဒေသများကို မှတ်တမ်း ဓာတ်ပုံများ၊ မြေပုံအညွှန်းများ၊ အချက်အလက် အကိုးအကားများဖြင့် ဖော်ပြထားပြီး သိရှိ လိုသူများ အနေဖြင့် အီးမေးလ်လိပ်စာ www.papaungland.org သို့ ဆက်သွယ်မေးမြန်း နိုင်မည်ဖြစ်သည်။
TSYO အဖွဲ့ကို ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ထိုင်းမြန်မာနယ်စပ်တွင် တအောင်းပလောင် ကျောင်းသား လူငယ်များနှင့် စတင်ဖွဲ့စည်းခဲ့ပြီး ပလောင်ဒေသအတွင်း ပညာရေးနိမ့်ကျ နေမှုများကြောင့် ကလေးသူငယ်များ ပညာမသင်ကြားနိုင်သည့် အကြောင်းကို မီးမောင်း ထိုးပြထားသည့် “အလင်းမဲ့ဘဝ” အမည်ရှိ အစီရင်ခံစာကို ၁၉၉၈ ခုနှစ်က ထုတ်ဝေခဲ့သည်။ ရွှေလီမြစ်အတွင်း ရေကာတာ တည်ဆောက်မှု များ၏ ဆိုးကျိုးများကို ဖော်ပြထားသည့် “စစ်ဖိနပ်အောက် ရွှေလီမြစ်” အမည်ရှိ အစီရင်ခံစာကိုလည်း ၂၀၀၇ ခုနှစ်က နိုင်ငံတကာသို့ ဖြန့်ချိခဲ့ကြောင်း သိရသည်