အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ပြန်လည်မှတ်ပုံတင်ခြင်းမဟုတ်ဘဲ နိုင်ငံရေးပါတီ အသစ်အဖြစ် တရားဝင် လျှောက်ထားမည်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်တို့အပါအဝင် ပြည်နယ်နှင့် တိုင်း ၁၄ ခုမှ တိုင်းရင်းသားနှင့် လူငယ် စုစုပေါင်း ၂၁ ဦးကို ရွေးကောက်ပွဲကော်မရှင်သို့ ပါတီဦးဆောင်အဖွဲ့အဖြစ် တင်ပြမည်ဟု သိရသည်။
NLD ကို ပါတီသစ်အဖြစ် မှတ်ပုံတင်ရန် လာမည့် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံသို့ တရားဝင် သွားရောက် လျှောက်ထားမည်ဖြစ်ကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
“ကြာသပတေးနေ့မှာ ကျနော်ရယ်၊ ဦးဝင်းမြင့်ရယ် နှစ်ယောက် နေပြည်တော်ကို သွားဖို့ရှိတယ်။ သောကြာနေ့မှာ ပါတီအဖြစ် မှတ်ပုံတင်ဖို့ ကော်မရှင်ကို တရားဝင် စလျှောက်ပါမယ်” ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် မျှော်မှန်း ထားသော်လည်း ယခုအချိန်တွင် မည်သည့် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ကို ထုတ်ဖော်မပြောနိုင်သေးဘဲ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန် ကြေညာမည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့်အချိန် လစ်လပ်မဲဆန္ဒ နယ်မြေများ စာရင်း ရရှိမှသာ အတိအကျ ထုတ်ပြန် နိုင်မည်ဖြစ်ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။
NLD မှတ်ပုံတင်ခွင့် ရရှိသည်နှင့် ယခင်ပါတီဝင် ဟောင်းများနှင့် ပါတီဝင်အဖြစ် ဝင်ရောက် လိုသူများအားလုံးသည် ပါတီသို့ လျှောက်လွှာဖြင့် တရားဝင် ပြန်လည် လျှောက်ထား ရမည်ဖြစ်ကြောင်း၊ ၎င်းပါတီအနေဖြင့် ခမောက်တံဆိပ်ကို ပြန်လည် အသုံးပြုတော့မည် မဟုတ်ကြောင်း NLD ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်ကဆိုသည်။
“ခမောက်တံဆိပ်အစား အားလုံးသဘောတူမယ့် တခြားတံဆိပ် တခုကို အများဆန္ဒနဲ့ အညီ သုံးဖို့ ဆုံးဖြတ်မှာပါ” ဟု သူက ပြောသည်။
NLD သည် လစ်လပ် မဲဆန္ဒနယ်များ အားလုံးတွင် ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး လွှတ်တော် ကိုယ်စားလှယ်လောင်းများကို ဗဟိုအလုပ်အမှုဆောင် အဖွဲ့ကသာ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း၊ ပညာအရည်အချင်း ကိုလည်း ဦးစားပေးမည် ဖြစ်သည့် အပြင် တိုင်းရင်းသားလူငယ်များ၊ အမျိုးသမီး များကို လွှတ်တော်ကိုယ်စားလှယ် လောင်းများအဖြစ် ရွေးချယ်သွားရန် ရှိကြောင်း ဦးဉာဏ်ဝင်း၏ ပြောဆိုချက်အရ သိရသည်။
ပါတီသစ်အဖြစ် ပြန်လည်မှတ်ပုံတင်ရန် NLD က နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ခဲ့ပြီး အဆိုပါ ဆုံးဖြတ်ချက်အပေါ် ပြည်သူလူထု၏ ထောက်ခံမှု လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ကျင်းပသည့် ပညာရေးကွန်ရက် တနှစ်ပြည့်အခမ်းအနား၌ ပြည်သူလူထုသို့ ပန်ကြားခဲ့သည်။ ဦး