ုပညာရှင်များမပါဝင်ဘဲ အနုပညာရှင်များအတွက် ဥပဒေရေးဆွဲခွင့် မပြုသင့်ကြောင်း ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ဧရာဝတီကို ပြောသည်။
မြန်မာ့ရုပ်ရှင်အစည်းအရုံးမှတာဝန်ရှိသူများနှင့် ရုပ်ရှင်လောကသားများကနိုဝင်ဘာလ၁၆ရက်နေ့တွင်ဗဟန်းမြို့နယ်ဝင်္ကပါလမ်းရှိမြန်မာ့ရုပ်ရှင်အစည်းအရုံး၌မြန်မာ့ ရုပ်ရှင်ဆင်ဆာ ရှိသင့်၊ မရှိသင့် ဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးနောက် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ဆင်ဆာမူဝါဒနှင့် ပတ်သက်၍ မူတင်မက လူများပါ ပြောင်းလဲ သင့်ကြောင်း၊ ဆင်ဆာအဖွဲ့ထဲ၌ လာဘ်ပေး၊ လာဘ်ယူမှုများ ရှိနေသောကြောင့် ပေးချင်သည့် ဇာတ်ကားကိုပေးကာ မပေးချင်သည့် ဇာတ်ကားအား မပေးသည့် ကိစ္စများကိုပါ ပြောင်းလဲ သင့်ကြောင်း၊ မကြာမီအာဆီယံဥက္ကဋ္ဌ ဖြစ်လာတော့မည့်နိုင်ငံတနိုင်ငံ အနေဖြင့်ဆင်ဆာမူဝါဒကို တခြားသော အာဆီယံနိုင်ငံများနှင့်ပါညှိနှိုင်းသင့်ကြောင်း၊ရုပ်ရှင်အစည်းအရုံးနှင့် ဆင်ဆာအဖွဲ့ဝင်များအားပြန်လည် ဖွဲ့စည်းရန်လိုအပ်ကြောင်း ဒါရိုကတာ မောင်မျိုးမင်းက ဆက်ပြောသည်။
“ကျနော်တို့ရဲ့ကံကြမ္မာအားလုံးကသူများလက်ထဲဝကွက်အပ်လာရတာကြာပြီ။အခုဒီလိုအချိန်လေးမှာကျနော်တို့ရဲ့ဆန္ဒတွေ ထုတ်ဖော်ပြီး တော့ကျနော် တို့ရဲ့ကံကြမ္မာကိုကျနော် တို့ဘာသာတည်ထောင်ချင်တယ်” ဟု သူက ဆိုသည်။
ဆက်လက်၍ ၎င်းက မြန်မာ့ရုပ်ရှင်အစည်းအရုံးတွင်အဖွဲ့အစည်းနှင့်မသက်ဆိုင်သည့်ဌာနဆိုင်ရာ များနှင့် ဖွဲ့စည်း လိုက်သည့် အတွက်၎င်းတို့က အနုပညာ သမားများ၏ အခွင့်အရေးများကို ပါဝင်ရောက်စွက်ဖက်လာကာအခွင့်အရေးများကိုလုယူ သကဲ့သို့ ဖြစ်နေသောကြောင့် ဒီမိုကရေစီ လမ်းကြောင်းနှင့် လည်း လုံးဝဆန့်ကျင် နေကြောင်းသူက ထင်မြင်ချက် ပေးသည်။
ရုပ်ရှင် ဆင်ဆာကိစ္စ ဆွေးနွေးပွဲနှင့်ပတ်သက်၍သရုပ်ဆောင်အကယ်ဒမီလူမင်းက“ကျနော်တို့ရုပ်ရှင်လောကရဲ့ပြောင်းလဲမှုကထင်သာမြင်သာ မရှိသေးဘူးလို့ ပြောနေတာ၊ အခုတော့အရိပ်အမြွက်စပြီး တွေ့ရတဲ့သဘောပေါ့။ ကျနော်တို့ တောင်းဆိုချက်တွေ ကို လိုက်လျောမယ် ဆိုရင်တော့ဒါ ပြောင်းလဲလာပြီဆိုတာပြောပါမယ်”ဟုပြောသည်။
မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးမြင့်သိန်းဖေကလည်း ရုပ်ရှင်အစည်းအရုံးသည်သက်ဆိုင်ရာတာဝန်ရှိသောပုဂ္ဂိုလ်များနှင့် ရုပ်ရှင်လောကသားများအကြား ဆင်ဆာကိစ္စနှင့် ပတ်သက်၍ ညှိနှိုင်းပေးသွားမည် ဖြစ်ကြောင်းဧရာဝတီကို ပြောသည်။
“အလွှာလိုက်ပေါ့။ဥပမာ- ဒါရိုက်တာဆိုလည်းဒါရိုက်တာ၊ထုတ်လုပ်သူဆိုလည်းထုတ်လုပ်သူ၊သရုပ်ဆောင်ဆိုလည်းသရုပ်ဆောင် အလျောက်ခင်ဗျားတို့လိုချင်တာတွေရေးကြ၊ရေးပြီးရင် ကျနော်က သက်ဆိုင်ရာ အဖွဲ့အစည်းဆီ တင်ပြပေးမယ်လို့ပြောထားတာပါ။ သူတို့ဆီကလာတာကိုကျနော်စောင့်နေတာပါ”ဟု ၎င်းကဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင်ရုပ်ရှင်လောက အသိုင်းအဝန်းမှဒါရိုက်တာနှင့်သရုပ်ဆောင်အားလုံးနီးပါးတက်ရောက်၍ စိတ်ပါဝင်စားစွာ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
“ဆင်ဆာမူဝါဒနဲ့ ပတ်သက်ပြီးမီဒီယာတွေအားလုံးကနေ ပြန်ဆွေးနွေးပေးဖို့ အသံတွေ ထွက်နေကြတယ်လေ။ အဲဒီတော့ပြည်သူ့ အသံကိုနားထောင်ကြဆိုတဲ့ အတိုင်းပဲ အဲဒါနဲ့ ပတ်သက် လို့ဘာတွေကို ဆွေးနွေးချင်လဲ၊ဆွေးနွေးပေးပါ ဆိုလို့အကုန်လုံး တက်ပြီးဆွေးနွေးကြတာ”ဟုဒါရိုက်တာမောင်မျိုးမင်းက ရှင်းပြသည်။
အဆိုပါ ကိစ္စရပ်များကိုယခင်ကတင်ပြခဲ့ဖူးသော်လည်းအထက်သို့မရောက်ဘဲအောက်ခြေအဆင့်တွင်ပင်ပျောက်ကွယ် သွားသဖြင့်ယခုအခါ ရုပ်ရှင်လောကသားဘက် ကနိုင်ငံတော်သမ္မတ၊ လူ့အခွင့်အရေး ကော်မရှင်နှင့်တင်ပြသင့်သည့် နေရာအားလုံးကိုတင်ပြသွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“လာမယ့်နိုဝင်ဘာလကုန်ရင်လွှတ်တော်အသီးသီးကရုပ်သိမ်းတော့မှာလေ။အဲဒီမတိုင်ခင်မှာအမြန်ဆုံးတင်ပြဖို့စဉ်းစား နေတယ်။ဥပဒေအတည်ပြုရေးပေါ့။အဲဒီဟာကိုကျော်သွားရင်ကျနော်တို့ကနောက်ထပ် ၄ နှစ်ဒီတိုင်း ခံရတော့မယ့် သဘောဖြစ်နေတယ်။ ဒါကြောင့် လွှတ်တော်မပြီးခင်အကောင်အထည်ဖော်အောင်၊သူတို့မဖော်လည်းကျနော်တို့ကိုယ့်နည်း ကိုယ့်ဟန်နဲ့ပေါ့။ ကျနော်တို့ခံစားရတာက ကျနော်တို့လုပ်ချင်တဲ့ဟာကို သက်ဆိုင်ရာလူကြီးတွေဆီတိုက်ရိုက်ပြောပြလို့ရနေပြီဆိုတော့အဲဒီနည်းနဲ့ပဲကြိုးစားသွားမှာပါ”ဟု သူက ပြောသည်။
၎င်းအနေဖြင့်ပြောင်းလဲမှု မရမချင်း ဆက်လက်ကြိုးစားသွားမည်ဟုလည်း ဆိုသည်။
“ပြန်ကြားရေး လက်အောက်မှာရှိတဲ့စာနယ်ဇင်းတောင်မှလွတ်လပ်ခွင့် ထိုက်သင့်သလောက်ရသွားပြီ။ဒါပေမယ့် ရုပ်ရှင်ကအခုထိ မရသေးဘူး။ဘာကြောင့်် မရသေးတာလဲ၊ ဘယ်သူတွေခံနေတာလဲ ပြောင်းလဲသင့်တဲ့ အရာကပြောင်းကို ပြောင်းလဲရမှာလေ။ ကိုယ်လိုချင်တာရအောင် ယူတာ အရည်အချင်းတခုဖြစ်သလို ကျနော်တို့အားလုံး ကိုယ်မလိုချင်တာကို မရအောင် ငြင်းဆန်နိုင်တာကလည်းအရည်အချင်းတခုဖြစ်တယ်ဆိုတာသိဖို့လိုပါတယ်”ဟု သူက ဆက်ပြောသည်။
ထို့အပြင်ခိုးကူးကိစ္စနှင့် ပတ်သက်၍၎င်းကခိုင်မာသည့်ဥပဒေရှိသင့်ကြောင်း၊ အာမခံချက်များရှိသင့်ကြောင်း၊ငွေဒဏ်မှာ နည်းလွန်းနေပြီး သတ်မှတ်သည့် ဒဏ်ငွေဆယ်ဂဏန်းအထက်တွင် ရှိသင့်ကြောင်း ပြောဆိုသည်။
မြန်မာ့ရုပ်ရှင် ဆင်ဆာအဖွဲ့သည်လွတ်လပ်ရေး မရခင်ကတည်းကရှိနေခဲ့ပြီး၄၈ နှစ်တာအတွင်းဆင်ဆာ လုပ်ငန်းနှင့် ပတ်သက်၍ဆွေးနွေးခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ် ဖြစ်ကြောင်းဦးမြင့်သိန်းဖေက ပြောသည်။