တရုတ်ပြည်မှ ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ်စွယ်တော် ကိန်းဝပ်စံပယ်နေသော ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ ဂန္ဓကုဋိ လိုဏ်တော်အတွင်း လုံခြုံရေး အထူး တင်းကျပ်ထားကြောင်း တွေ့ရသည်။
လိုဏ်တော်အတွင်းရှိ ဗုဒ္ဓမြတ်စွယ်တော်အား ဝင်ရောက် ဖူးမြော်သူများကို စိစစ်ရန် စစ်ဆေးရေးဂိတ် ၃ ဂိတ် ချထားသည်။
”လုံခြုံရေးအင်အား ရာနဲ့ချီ ထားထားတယ်၊ တခုခု မသင်္ကာတာ တွေ့ရင် လိုအပ်သလို အရေးယူ ဆောင်ရွက်ဖို့ လုပ်ပိုင်ခွင့်တွေ ပေးထားတယ်” ဟု လိုဏ်တော်အတွင်း တာဝန်ကျသူ လုံခြုံရေးဝန်ထမ်းတဦးက ပြောသည်။
ကင်မရာ၊ အသံဖမ်းစက်၊ အမ်ပီသရီး စသည့် အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံ၊ ပန်း၊ ဖယောင်းတိုင်၊ ပိုက်ဆံအိတ်၊ ရေပုလင်း၊ ဦးထုပ်၊ ထီး စသည့် ပစ္စည်းများ ယူဆောင်လာသူတို့ကို ကမ္ဘာအေးကုန်းမြေရှိ လိုဏ်တော်အတွင်း ဝင်ရောက်ခွင့် ပြုမည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ ထံမှ သိရသည်။
ရန်ကုန်မြို့သို့ ၁၉၉၆ ခုနှစ်က ဗုဒ္ဒမြတ်စွယ်တော် ကြွချီလာပြီး ကမ္ဘာအေးကုန်းမြေတွင် ပူဇော်ထားစဉ်က ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သဖြင့် ယခုတကြိမ်တွင် လုံခြုံရေး ပိုမို တင်းကျပ်ထားခြင်းဖြစ်သည်ဟု သိရသည်။
လုံခြုံရေး အထူး တင်းကျပ်ထားမှုကြောင့် အခက်အခဲ တွေ့နေရသည်ဟု ဘုရားဖူးတချို့က ပြောသည်။
”မိသားစုဝင်တဦးကို ပစ္စည်းတွေ စောင့်ခိုင်းပြီး ဝင်ဖူးနေရတာ၊ ဖူးချင်လွန်းလို့သာ ဖူးရတာ၊ စည်းကမ်းများတော့ စိတ်ရှုပ်တယ်” ဟု လာရောက် ဖူးမြော်သူတဦးက ပြောသည်။
ဗုဒ္ဓမြတ်စွယ်တော်အား နေပြည်တော်၊ ရန်ကုန်၊ မန္တလေး စသည့် မြို့ကြီး ၃ မြို့တွင် ၁၆ ရက်စီ အပူဇော်ခံမည်ဟု အစိုးရက ကြေညာထားသည်။
လဆန်းပိုင်းမှ စတင်ပြီး နေပြည်တော်တွင် ၁၆ ရက်ကြာ ကိန်းဝပ် စံပယ်ခဲ့သော မြတ်စွယ်တော်အား ယမန်နေ့က ရန်ကုန်သို့ ပင့်ဆောင်လာခြင်းဖြစ်သည်။
မြန်မာနိုင်ငံသို့ စွယ်တော်မြတ် ကြွချီခြင်းမှာ ယခုတကြိမ်နှင့်ဆိုလျှင် ၄ ကြိမ်မြောက် ဖြစ်သည်။