ပြည်ပကူးသန်းရောင်းဝယ်မှုနှင့် ပတ်သက်၍ ပြည်ပမှ နိုင်ငံခြားငွေ လွှဲပြောင်းခွင့်၊ အပ်နှံခွင့်လုပ်ငန်းများ လုပ်ကိုင်ရန် ပုဂ္ဂလိက ဘဏ် ၁၁ ခု ကို မြန်မာနိုင်ငံ ဗဟိုဘဏ်က ယမန်နေ့က လုပ်ကိုင်ခွင့်ပြုလိုက်ကြောင်း သတင်းရသည်။
အဆိုပါ ဘဏ်များအနေဖြင့် ကူးသန်းရောင်းဝယ်မှုနှင့်ပတ်သက်၍ ပြည်ပနိုင်ငံများနှင့် ငွေးပေးငွေယူပြု လုပ်ခြင်း၊ ပြည်ပနှင့် ဆက်သွယ်၍ အရောင်း အဝယ်ပြုလုပ်နေသည့် စီးပွားရေး ကုမ္ပဏီများ Letter of Credit(LC) ငွေစာရင်းဖွင့်ခြင်း၊ နိုင်ငံခြားငွေဖြင့် ငွေစာရင်း ဖွင့်ကာ ငွေလွှဲပြောင်းမှု လုပ်ငန်း များကို လုပ်ဆောင်ရမည်ဖြစ်ကြောင်း အမည်မဖော်လိုသည့် ဘဏ်လုပ်ငန်းရှင် တဦး က ဧရာဝတီသို့ ပြောသည်။
“နိုင်ငံတကာနဲ့ ဆက်သွယ်ပြီး စီးပွားရေးလုပ်လိုတဲ့ဘဏ်တွေ၊ လုပ်နိုင်တဲ့ဘဏ်တွေ လျှောက်လွှာတင်ခိုင်းတာ၊ အခု နိုင်ငံတကာ ဘဏ်တွေနဲ့ ချိတ်ဆက်ဖို့ လုပ်နေတယ်”ဟု ၎င်းက ဆိုသည်။
နိုင်ငံခြားဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ဘဏ်များမှာ ထူးကုမ္ပဏီမှ ဦးတေဇပိုင် အာရှစိမ်းလန်းရေး ဖွံဖြိုးမှုဘဏ်၊ မက်စ်မြန်မာ ဦးဇော်ဇော်၏ ဧရာတီဘဏ်၊ မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဝန်ကြီးဟောင်း ဦးအောင်သောင်း၏ သား ဦးနေအောင်၏ ယူနိုက်တက် အမရာဘဏ်၊ ဦးအောင်ကိုဝင်း၏ ကမ္ဘောဇဘဏ်၊ ထွန်း ဖောင်ဒေးရှင်း၊ သမဝါယမ ဘဏ်(CB)၊ စက်မှုလက်မှုဖွံ့ဖြိုးရေးဘဏ်၊ မြန်မာ အရှေ့တိုင်းဘဏ်၊ မြဝတီဘဏ်၊ အင်းဝဘဏ်တို့ ဖြစ်သည်။
လောလောဆယ်အခြေအနေတွင် အမေရိကန်နိုင်ငံနှင့် ဥပရောသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး ပိတ်ဆို့မှုကြောင့် စင်္ကာပူ၊ အိန္ဒိယ၊ တရုတ် စသည့် နိုင်ငံများမှ ဘဏ်များဖြင့်သာ ချိတ်ဆက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း အထက်ပါ ဘဏ်လုပ်ငန်းရှင်က ပြော သည်။
အဆိုပါ ခွင့်ပြုချက်ရထားသည့် ဘဏ်တချို့အနေဖြင့် လာမည့် ဒီဇင်ဘာလအတွင်း လုပ်ငန်းစတင်လည်ပတ်ရန် ရည်ရွယ်ထားပြီး လုပ်ငန်းနှင့် ပတ်သက်၍ နိုင်ငံခြားသား ကျွမ်းကျင်ပညာရှင်များကို ငှားရမ်း ခေါ်ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။
မြန်မာ့ရှေ့ဆောင်ဘဏ် လုပ်ငန်းရှင် ဦးချစ်ခိုင်က“ရှေ့ကို စီးပွားရေး လုပ်ငန်းကိုင်ငန်းတွေ ပိုမိုပွင့်လင်းလာတော့မယ်၊ ဒါကြောင့် လက်ရှိ အစိုးရဘဏ်၂ခုတည်းနဲ့ မလုံလောက်ဘူးဆိုတော့ တိုင်းပြည်အတွက် ပိုကောင်းတဲ့အနေအထားဖြစ်လာမှာပါ”ဟု ဆိုသည်။
ပြည်တွင်းဘဏ်များအနေဖြင့် နိုင်ငံခြားဘဏ်များနှင့် ချိတ်ဆက်မှု အပါအဝင် နည်းပညာပိုင်းတွင် ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ဘဏ်စနစ်နှင့် ပတ်သက်၍ လုပ်ကိုင်ခွင့်လည်း အပြည့်အ၀ ပေးအပ်လိမ့်မည်ဟု ယုံကြည်ကြောင်း ဦးချစ်ခိုင်က ဆက်လက်ပြောဆို သည်။
ပြည်ပသို့ ကူးသန်းရောင်းဝယ်မှုပြုလုပ်ရာမှ ရရှိသည့် ပြည်ပပို့ကုန်ဝင် ငွေ(Export Earning) အပါအဝင် နိုင်ငံခြားငွေ လွှဲပြောင်း အပ်နှံခွင့်နှင့်ပတ်သက်ပြီး အစိုးရဘဏ်များဖြစ်သည့် မြန်မာ့ ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်(MFTB)၊ မြန်မာ့စီးပွားရေး ဘဏ်(MEB) တို့ကသာ လုပ်ကိုင်ခွင့် ရရှိထားသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းကလည်း ဗဟိုဘဏ်က ပြည်တွင်းပုဂ္ဂလိကဘဏ် ၁၉ ခုကို နိုင်ငံခြားငွေကြေးလဲလှယ်မှု စင်တာ များ ဖွင့်လှစ်ခွင့် ပေးခဲ့သေးသည်။