ပြင်သစ်နိုင်ငံ လူ့အခွင့်အရေး ဝန်ကြီး မစ္စတာ ဖရန်စွာ ဒမွန့်တ်ရေးက မြန်မာပြည်တွင်း အစိုးရမဟုတ်သောအဖွဲ့(NGO)များ ၏ ကိုယ်စားလှယ် ၁၅ ဦးကို ယမန်နေ့က ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန၌ ခေါ်ယူတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာ့လူ့အဖွဲ့ အစည်းတွင် ပြည်တွင်း NGO များ အနေဖြင့် ပိုမိုထိရောက်စွာ လုပ်ကိုင်နိုင်ရေး နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ကုမုဒြာ ပညာရေးဖောင်ဒေးရှင်းမှ ကိုယ်စားလှယ် ကိုနိုင်ဝင်းထွန်းက ဧရာဝတီကို ပြော သည်။
“ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီးက မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်ရှိသေးလား အဓိက သိချင်တယ်။ ကျနော်တို့ကတော့ ပြည်တွင်း ပညာရေးနဲ့ ကျန်းမာရေးဘက်တွေမှာ ဒေသခံ NGO တွေအနေနဲ့ ပိုမိုထိရောက်ရေး တိုင်ပင် ဆွေးနွေးကြတယ်”ဟု ဆွေးနွေးပွဲတက်ခဲ့သည့် ကိုနိုင်ဝင်းထွန်းက ဆိုသည်။
ပြည်တွင်း NGO များအနေဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် တင်ပြဆွေးနွေးမှုများလုပ်ဆောင်ပြီး လယ်ယာမြေ သိမ်း ဆည်းမှု၊ ကလေးသူငယ်များဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု၊ ကလေးစစ်သား အဓမ္မ စုဆောင်း ခံရမှု၊ ကလေး အလုပ် သမားများကိစ္စ စသည်တို့ကို ပြည်တွင်း NGO ကိုယ်စားလှယ်များဘက်က တင်ပြဆွေးနွေးခဲ့သည်ဟု ဆိုသည်။
မိဘများသည် ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်ရန် တိုက်ရိုက်ပတ်သက်ကြောင်း၊ သို့သော် မိဘတချို့ မှာ ပညာမတတ်သည့် အခြေအနေများနှင့် စီးပွားရေး အဆင်မပြေမှုများကြောင့် သားသမီးများကို ပညာသင်ကြားရေး ပိုင်း တွင် ကန့်သတ်မှုများရှိကြောင်း စသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးကိစ္စများကိုလည်း ဆွေးနွေးကြောင်းသိရ သည်။
“ကလေးသူငယ်ဆိုင်ရာ လူ့အခွင့်ရေးချိုးဖောက်တာမှာ အာဏာပိုင်က တိုက်ရိုက်ချိုးဖောက်တာမျိုးရှိသလို၊ မိဘ ကိုယ် တိုင် က ကလေးတွေအပေါ်မှာ ချိုးဖောက်တာတွေရှိတယ်။ မိဘခွင့်မပြုလို့ ကလေးတွေ ကျောင်းမတက်နိုင်တာမျိုးရှိနေလို့ မိဘတွေရဲ့အခန်းကဏ္ဍ အရမ်းအရေးကြီးကြောင်းလည်း ဆွေးနွေးခဲ့တယ်”ဟု ကိုနိုင်ဝင်းထွန်းက ပြောပြသည်။
ဆွေးနွေးပွဲတွင် လူ့အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံသာမက နိုင်ငံတိုင်းတွင် ပြဿနာရှိကြောင်း ပြင် သစ် ဝန်ကြီးဘက်က ပြောဆိုခဲ့ပြီး မြန်မာပြည်တွင်း NGO များအနေဖြင့် လူ့အခွင့်အရေးအခြေအနေများ တိုးတက်ကောင်း မွန်ရေး အတွက် ထိရောက်မှုရှိစေရန် ပြင်သစ်နိုင်ငံဘက်က အသေးစား အကူအညီပေးရေး အစီအစဉ်များ ရှိကြောင်း ထုတ်ဖော် ပြောဆိုသည်ဟု ကိုနိုင်ဝင်းထွန်းက ဆိုသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြင်ပမှလာရောက်လုပ်ကိုင်သော INGO များနှင့်ပတ်သက်ပြီးလည်း ဆွေးနွေးခဲ့ကြောင်း၊ အဓိက အားဖြင့် နိုင်ငံခြားသား INGO ဝန်ထမ်းများအနေဖြင့် အလှူရှင်များ၏ ငွေကြေးသုံးစွဲရာတွင် ဒေသဆိုင်ရာအသိ ဗဟုသုတ ကျွမ်းကျင်မှု အားနည်းခြင်း တို့ကြောင့် ငွေကုန် ကြေးကျ များကြောင်း၊ ပြည်တွင်း NGO များအနေဖြင့် စရိတ်သက်သာပြီး ပိုမို ထိရောက်မှုရှိသည်ကို နိုင်ငံခြားအလှူရှင်များ သိရန်လိုကြောင်း ပြည်တွင်း NGO များဘက်က ဆွေးနွေးခဲ့ကြောင်းလည်း သိရသည်။
“ကျနော်တို့ဘက်ကတော့ ထပ်ပြီးပြောတာက ပြည်တွင်း NGO တွေကို ဥရောပ အလှူရှင်တွေအနေနဲ့ Grant (အသေးစား ကုန်ကျစရိတ် ငွေထုတ်ပေးမှု)တွေ ပိုပြီးတိုးလုပ်ပေးဖို့လိုတာကိုလည်း ဆွေးနွေးဖြစ်တယ်။ ဒါကို ဝန်ကြီးဘက်ကလည်း သူတို့ မှာ ဒီ အစီအစဉ်တွေ ရှိတယ်လို့ ပြောပါတယ်”ဟု ကိုနိုင်ဝင်းထွန်းက ပြောဆိုသည်။
ပြင်သစ်ဝန်ကြီးနှင့် ဆွေးနွေးပွဲတွင် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုနှင့်ပတ်သက်၍လည်း ဆွေးနွေးမှုတချို့ ရှိခဲ့ကြောင်းနှင့် မြန်မာနိုင်ငံတွင် လူသားချင်းစာနာသော အားဖြင့် ပြည်ပမှ စီးပွားရေးဒဏ်ခတ်မှုများကို ရုပ်သိမ်းရန်သင့်ကြောင်းလည်း တက်ရောက်လာသူတချို့နှင့်ဆွေးနွေးခဲ့သည်ဟု ၎င်းက ဆိုသည်။
ပြင်သစ် လူ့အခွင့်အရေး ဝန်ကြီးသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိ၍ ဒေါ်အောင်ဆန်းစုကြည်နှင့် လည်း တွေ့ဆုံခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ယနေ့တွင် ပြင်သစ် ဝန်ကြီးသည် နေပြည်တော်သို့ သွားရောက်မည်ဖြစ်ပြီး နေပြည်တော် အစိုးရ တာဝန်ရှိသူများနှင့် လူ့အခွင့်အရေး အခြေအနေများ ဆွေးနွေးပြောဆိုရန်ရှိသည်ဟု သိရသည်။