ယခင် နအဖစစ်အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အား အငြိမ်းစားဟူသည့် သုံးနှုန်းဖော်ပြချက်ကို ပထမဆုံး အကြိမ်အဖြစ် ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မထင်မရှား တွေ့ရသည်။
“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)+ ဒေါ်ကြိုင်ကြိုင် မိသားစုက အမေရိကန်ဒေါ်လာ ၁၃၀၀၊ ပတ္တမြားတာ ၁၁ ပွင့်၊ မြိတ်ပုလဲ တစ်ပွင့်၊ ကာလ တန်ဖိုးကျပ် ၄၈၈၀၀၀ရှိ ရွှေလက်စွပ်တကွင်း လာရောက်လှူဒါန်းခဲ့”ဟု ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းခဲ့ခြင်း အား သတင်းစာများ၏ အတွင်းစာမျက်နှာ၌ ရေးသားထားသည်ကို တွေ့ရခြင်းဖြစ်သည်။
ဗုဒ္ဓစွယ်တော်သည် တရုတ်နိုင်ငံမှ ယခုလဆန်းပိုင်းတွင်ပင့်ဆောင်ခဲ့ပြီး အများပြည်သူ ဖူးမြော်နိုင်ရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့၌ တလှည့်စီ အပူဇော်ခံယူလျက်ရှိသည်။
မြန်မာနိုင်ငံအား စစ်အာဏာရှင် တဦးအဖြစ် နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့သော အသက် ၇၈ နှစ်အရွယ် ဦးသန်းရွှေ သည် စစ်တပ်မှ အငြိမ်းစားယူသွားကြောင်း သမ္မတ ဦးသိန်းစိန် အစိုးရက စတင်ကြေညာခြင်းဖြစ်သည်။
စစ်တပ်အစိုးရမှ အရပ်သားအစိုးရ တရပ်ပေါ်ပေါက်လာရေး၊ “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီနိုင်ငံတော်သစ်တရပ်” ထူ ထောင်မည်ဟု ကြွေးကြော်ကာ လမ်းပြမြေပုံ ၇ ဆင့်ရေးဆွဲခြင်း၊ အမျိုးသားညီလာခံ ကျင်းပခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရေးဆွဲခြင်းတို့ကို ကန့်ကွက်မှုများကြားမှ အောင်မြင်စွာ ဖော်ဆောင်ထားခဲ့သည်။
၎င်းဦးဆောင်သော နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးရာထူးဖြင့် ဝန်ကြီးချုပ် အဖြစ်တာဝန်ယူခဲ့သူ လက်ရှိ သမ္မတ ဦးသိန်းစိန်နှင့် ဦးတင်အောင်မြင့်ဦး၊ ဦးရွှေမန်း စသည့် စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်များသည် အစိုးရသစ်လက်ထက်တွင် လည်း ထိပ်တန်းခေါင်းဆောင်များအဖြစ် ပြန်လည်တာဝန်ယူထားသည့်အတွက် အစိုးရသစ်အား ဦးသန်းရွှေက နောက်ကွယ်မှ ကြိုး ကိုင်ထားဆဲဖြစ်သည်ဟု အများက ယူဆနေကြသည်။
ဦးသိန်းစိန် အစိုးရလက်ထက် နိုင်ငံ၏ အာဏာအရှိဆုံး အဖွဲ့ဖြစ်သော အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီ အား ဦးသန်းရွှေ က ကြိုးကိုင် လမ်းညွန်မှု ပေးနေသည်ဟုလည်း လူအများက ပြောဆိုနေကြသည်။
အမျိုးသား လုံခြုံရေးနှင့်ကာကွယ်ရေး ကောင်စီသည် သမ္မတ၊ ဒု-သမ္မတများ၊ ကာကွယ်ရေး ဦးစီချုပ်၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဒု-ကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထဲရေး ဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီးနှင့် နိုင်ငံခြားရေးဝန်ကြီး စသည့် အဖွဲ့ဝင် ၁၁ ဦး ဖြင့် ဖွဲ့စည်းထားကြောင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပါရှိသည်။
ဦးသန်းရွှေနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းအား Wall Street Journal က အင်တာဗျူးရာ ၎င်း၏ နေအိမ်၌ စာဖတ်၍ အေးချမ်းစွာ နေထိုင်လျက်ရှိကြောင်း ဖြေဆိုခဲ့သော်လည်း အစိုးရသစ်အပေါ် သြဇာလွှမ်းမိုးမှု ရှိမရှိဆိုသည်ကို တိကျစွာ ဖြေဆိုခြင်း မရှိပေ။
“(ဦးသန်းရွှေက) သူ့အိမ်မှာပဲ ရှိနေပါတယ်၊ သူ့အိမ်မှာနေပြီး စာတွေ အများကြီး ဖတ်နေပါတယ်” ဟု ဦးကျော်ဆန်းက ပြော ဆိုကြောင်း Wall Street Journal ၌ နိုဝင်ဘာလ ၁၅ ရက်က ဖော်ပြခဲ့သည်။
ယခင် စပ်ဆက်သတင်း – ဦးသန်းရွှေ အိမ်မှာ စာဖတ်နေသည်