အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ သွားရောက်မည် ဖြစ်သည်။
၎င်း၏ ခရီးစဉ်သည် သမ္မတ အိုဘားမား အစိုးရအဖွဲ့၏ မြန်မာနိုင်ငံအပေါ်ထားရှိသော တိုက်ရိုက်ထိတွေ့ ဆက်ဆံရေး မူဝါဒ အ ရ သွားရောက်ခြင်း ဖြစ်သည်။

“နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်ဟာ မြန်မာနိုင်ငံ ရန်ကုန်နဲ့ နေပြည်တော်ကို သွားရောက်မှာ ဖြစ်ပါတယ်။ ဒီသမိုင်းဝင် ဒီခရီး စဉ် ဟာ အမေရိကန်နဲ့ မြန်မာနိုင်ငံတို့အကြား နှစ် ၅၀ အတွင်း ပထမဆုံး ခရီးစဉ်ဖြစ်ပါတယ်”ဟု နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် မာ့ခ်တုန်နာက ပုံမှန် သတင်းထုတ်ပြန်ရာတွင် ထည့်သွင်း ပြောကြားသည်။
မာ့ခ်တုန်နာက ဆက်လက်ပြီး“မစ္စ ကလင်တန်ဟာ အမေရိကန်က ချမှတ်ထားတဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံရေးမူဝါဒနဲ့ ပတ် သက်ပြီး အမေရိကန်ရဲ့၂ လမ်းသွား ဆက်ဆံရေးကို အလေးအနက်ထားပြောဆိုမှာလည်း ဖြစ်ပါတယ်။ ပြီးတော့ မကြာသေး ခင် က မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးတွေနဲ့ ပတ်သက်ပြီးတော့ ထောက်ပံ့ကူညီသွားမယ်ဆိုတာလည်း ထပ်လောင်း အတည်ပြုမှာ ဖြစ်သလို နောက်ထပ် အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေလည်း ဆွေးနွေးမှာ ဖြစ်ပါတယ်”ဟု ပြော ဆိုသည်။
မစ္စ ဟီလာရီ ကလင်တန်က ခရီးစဉ်အတွင်း လူထု အခြေပြု အဖွဲ့ အစည်းများ၊ တိုင်းရင်းသား ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံသွားမှာဖြစ်ပြီး တိုင်းပြည်တိုးတက်ရေးဆိုင်ရာ အမြင်များကို စုစည်းရယူကာ အကြံပြုသွားမည်လည်းဖြစ်သည်ဟု ဆိုသည်။
သို့သော် ယခု ခရီးစဉ်တွင် အမေရိကန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့ ဒဏ်ခတ်မှု ရုပ် သိမ်းရေး အစီအစဉ် မပါဝင်ကြောင်း သမ္မတ အိမ်ဖြူတော် ဒုတိယ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဘန်ရုဒ်စ် (Ben Rhodes) က ဝါရှင်တန် နိုင်ငံခြားသတင်းစာဆရာများ အသင်းတိုက်တွင် ပြီးခဲ့သည့် အင်္ဂါနေ့က ပြောကြားထားသည်။
“ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းရေး ဆွေးနွေးဖို့ အချိန်မတန်သေးဘူးလို့ ကျနော်ထင်ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီး စဉ် တစိတ်တပိုင်း အားဖြင့်ကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကို အရှိန်အဟုန် ပိုကောင်းလာအောင် လုပ်ဆောင် သွားဖို့ ဖြစ်သလို၊ ရှေ့မှာ ဘာတွေ ဖြစ်နိုင်သလဲ ဆိုတာကို စူးစမ်းဖို့လည်း ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပိတ်ဆို့မှုတွေကို အခု အချိန်မှာ ပြန်ပြီး ရုပ်သိမ်းဖို့တော့ အစီအစဉ် မရှိသေးပါဘူး”ဟုလည်း မစ္စတာ ဘန် ရုဒ်စ် က ဆိုသည်။
မစ္စ ဟီလာရီ ကလင်တန် ခရီးစဉ်တွင် ဥပဒေ အကြံပေး ချယ်ရီလ် မေးလ်စ်၊ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးများဖြစ်ကြ သော ကာ့တ် ကမ်းဘဲလ် နှင့် မိုက်ကယ် ပို့စနာ၊ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး ဒဲရစ် မစ်ချယ်၊ မူဝါဒချမှတ်ရေးဆိုင်ရာ ညွှန်ကြားရေးမှူး ဂျိတ် ဆူလီဗန် တို့လည်း မစ္စ ကလင်တန်နှင့်အတူ လိုက်ပါသွား ကြမည်ဖြစ်သည်။
လွန်ခဲ့သည့်အပတ်က သမ္မတ ဘားရက်အိုဘားမား က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၌ကျင်းပသော အရှေ့အာရှထိပ်သီးဆွေး နွေးပွဲတွင် မစ္စ ကလင်တန်အား မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
အဆိုပါ ကြေညာချက်သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့၏ ပထမဆုံး တယ်လီဖုန်းဖြင့် စကားပြောဆိုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ မသွားရောက်မီ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း အပါအဝင် အဆင့်မြင့် အရာရှိများ တက်ရောက်မည့် တောင်ကိုရီးယားနိုင်ငံ ဘူစန်မြို့တွင် ကျင်းပသော အကူ အညီ ပေးရေးဆိုင်ရာ ၄ ကြိမ်မြောက် ဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။