မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်သည် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုံ့ဆော်တေးများ ဖန်တီးရန်အတွက် မနက်ဖြန် ညနေ ၃ နာရီခန့်၌ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံမည်ဟု သတင်း ရသည်။
အဆိုပါတွေ့ဆုံပွဲကို ဂီတပညာရှင်များဖြစ်သည့် ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ သားထွေး၊ ကိုးတိုးလွင်နှင့် ဆောင်ဦးလှိုင်တို့က စီစဉ် ဆောင်ရွက်ခြင်းဖြစ်ပြီး ဖိတ်ကြားခြင်းခံရသည့် အနုပညာရှင်များမှာ တေးရေးနောင်နောင် (ဆန်းဖလားဝါး)၊ စံလင်း၊ ရင်ဂို၊ မာရဇ္ဇ၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ အနဂ္ဂ၊ ကျားပေါက်၊ ချောစုခင်၊ ကဗျာဘွဲ့မှူး၊ ချစ်သုဝေ၊ သံသာဝင်း၊ ချမ်းချမ်း စသည်တို့ အပါဝင် အနုပညာရှင် ၅၀ ကျော်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုတော် ဇေယျာသော်က “ရွေးကောက်ပွဲ အောင်နိုင်ရေးမှာ ဂီတအနုပညာနဲ့ ပတ်သက်ပြီး ဘယ်သူ ဘယ်အပိုင်းက တာဝန် ယူမယ်ဆိုတာ ကော်မတီဖွဲ့ဖု့ိ လူစုတဲ့သဘောပါ” ဟု ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီး နောက်ပိုင်း ပြုလုပ်သည့် အခမ်းအနားများတွင် စာပေဂီတ၊ပန်းချီ အနုပညာရှင် အများအပြား လာရောက်ပူးပေါင်းကာ ဖျော်ဖြေမှုများ ပြုလုပ်ကြသည်ကို တွေ့ရသည်။
မကြာသေးမီက ပြည်လမ်း ရန်ကုန်တက္ကသိုလ်ရှေ့ ယုဒဿန်ရိပ်သာတွင် ကျင်းပသည့် ပညာရေးကွန်ယက် တနှစ်ပြည့် ဈေးရောင်း ပွဲ အခမ်းအနားတွင်လည်း ကိုရဲလွင်၊ ဆောင်းဦးလှိုင် ဦးဆောင်သည့် ဂီတပညာရှင် အများအပြား လာရောက်ဖျော်ဖြေ ခဲ့သေးသည်။
၁၉၈၈ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) စတင်တည်ထောင် ကာစကလည်း ရုပ်ရှင်၊ ဂီတနှင့် စာပေအသိုင်းအဝန်းမှ စာရေးဆရာ မောင်ဝံသ၊ ကဗျာဆရာကြီး ဦးတင်မိုး၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်၊ ဒါရိုက်တာ မောင်မိုးသူ၊ အဆိုတော် စိုင်းထီးဆိုင် စသည့် အနုပညာရှင်များ လာရောက် ပါဝင်ခဲ့သည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီခေါင်းဆောင်များက ပါတီကို ပြန်လည် မှတ်ပုံတင်ကာ လာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ယနေ့တွင်မူ ပါတီဦးဆောင် ၂၁ ဦးပါ စာရင်းကို နေပြည်တော် ရွေးကောက်ပွဲကော်မရှင်သို့ သွားရောက် တင်ပြမည်ဟုသိရသည်။