ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) ထိန်းချုပ်ဒေသ တချို့တွင် အစိုးရက ယခုရက်ပိုင်းအတွင်း စစ်တပ်အင်အား တိုးချဲ့ ထားကြောင်း KIA က ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်မှတဆင့် KIA တပ်မဟာ ၃ ဒေသသို့ စစ်ကားအစီး ၄၀ ကျော်ရောက်ရှိနေပြီး ဗန်းမော် မြို့နယ်တွင် စစ်သင်္ဘော ၃စီးခန့် ရောက်ရှိနေကြောင်း ကချင်လွတ်လပ် ရေးအဖွဲ့ (KIO) တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန် က ဧရာဝတီသို့ ပြောပြသည်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်ရှိ KIA တပ်မဟာ ၃ နှင့် တပ်မဟာ ၅ ထိန်းချုပ်ဒေသဖြစ်သည့် မိုးညှင်းမြို့နယ် တို့တွင် တိုးချဲ့ ထားခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
တိုးချဲ့ထားသည့် တပ်ရင်းအမည် အတိအကျကို မသိရှိရသော်လည်း တပ်မ ၈၈ လက်အောက်ခံ တပ်ရင်း အများစု ပါဝင်ကြောင်း သိရသည်။
ဦးလနန်က“စစ်အင်အား တိုးချဲ့နေတာကို ကြည့်ခြင်းအားဖြင့် အဓိက တပ်မဟာ ၃ရယ် နောက်ပြီးတော့ ဒီတပ်မဟာ ၅ ခွင် တဝိုက်ကို အစိုးရ က ထိုးစစ်ဆင်ဖို့ ပြင်ဆင်ထားတယ်”ဟု ဆက်ပြောသည်။
အစိုးရတပ်က ယခုလကုန်ပိုင်းအတွင်း ထိုးစစ်ဆင်လာနိုင်ကြောင်းနှင့် KIA ဘက်ကလည်း စစ်ရေး ပြင်ဆင်ထားကြောင်း ၎င်းက ဆို သည်။
ထိုသို့ အစိုးရက တပ်အင်အား တိုးချဲ့နေခြင်းသည် KIA တပ်ဖွဲ့ဝင်များကို လက်နက်ဖျက်သိမ်းရန်အတွက် လုပ်ဆောင်နေခြင်းဖြစ်
ကြောင်းလည်း ဦးလနန်က ပြောသည်။
သို့သော် ယခု တပ်အင်အား တိုးချဲ့နေမှုသည် လတ်တလော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို အစိုးရက ငြိမ်းချမ်းရေး အတွက် လိုက်လံ တွေ့ဆုံဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
တရုတ်-မြန်မာနယ်စပ် မြန်မာ့အရေး လေ့လာသူ ဦးအောင်ကျော်ဇော်ကလည်း အစိုးရက တဖက်တွင် KIA ကို ငြိမ်းချမ်းရေး ဆွေးနွေးမှုများ ပြုလုပ်နေပြီး တဖက်တွင်စစ်ရေးပြင်ဆင်သည့် အနေနှင့် စစ်အင်အား ထပ်မံတိုးချဲ့နေကြောင်း ပြောသည်။
“မူဆယ် နမ့်ခမ်း တပ်မဟာ ၄ နဲ့ တပ်မဟာ ၃ ဆက်စပ်နယ်မြေမှာ အရင်တုန်းက ပုံမှန် အတိုင်းဆိုရင် တပ်ရင်း တရင်း တောင် မပြည့်ဘူး၊ နမ့်ခမ်း ဒေသမှာ တပ်ခွဲ ၂ ခွဲပဲ အများဆုံး ရှိခဲ့ဖူးတာ၊ အခု အဲဒီနေရာ စုစုပေါင်း ၁၁ ရင်းဖြစ်နေပြီ”ဟု ဦးအောင်ကျော်ဇော က ဆက်ပြောသည်။
ယခုလ ၁၉ ရက်နေ့တွင် အစိုးရ ရထားပို့ဆောင်ရေး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့က ငြိမ်းချမ်းရေး အတွက် KIA တပ်မှ ခေါင်းဆောင်များနှင့် ထိုင်း-မြန်မာ နယ်စပ်တနေရာတွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ရှမ်းပြည် တပ်မတော် တောင်ပိုင်း(SSA-S)နှင့် ကရင်အမျိုးသား အစည်းအရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်တချို့တို့ကိုလည်း တွေ့ ဆုံဆွေးနွေးခဲ့သေးသည်။
ဇွန်လ ၉ ရက်နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် မြန်မာအစိုးရတပ်နှင့် KIAအကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ ထွက်ပြေးလာ သည့် ဒုက္ခသည်များသည် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြရဆဲ ဖြစ်သည်။
တချို့ဒုက္ခသည်များသည် မြစ်ကြီးနား၊ ဝိုင်းမော်မြို့တို့တွင်ရှိသော ဆွေမျိုးများထံ သွားရောက်နေထိုင်နေကြပြီး ၎င်းတို့ကို KIA အပါအဝင် ဒေသခံ ဘုရားကျောင်းနှင့် အဖွဲ့အစည်း တချို့တို့မှ ကောက်ခံရရှိထားသော အလှူငွေများဖြင့် ထောက်ပံ့ပေးထားရသည်။
လတ်တလော အခြေအနေများကြောင့် ယနေ့မှစ၍ ဗန်းမော်-လိုင်ဇာသွား ကားလမ်းလည်း ပိတ်ထားကြောင်း သိရသည်။
“ဒီနေ့ကစပြီးတော့ ကားလမ်းတွေ အားလုံးပိတ်လိုက်ပြီ၊ ဗန်းမော်ကနေ လိုင်ဇာဘက်ကို မထွက်တော့ဘူး၊ မနေ့က လက်ကျန် ကား တချို့ကလည်း ဗန်းမော်ကို ဆင်းလို့မရတော့ဘူး”ဟု ဗန်းမော်ဒေသခံ ကားသမားများက ပြောဆိုသည်။