ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လှည်ခွင့်ဆိုင်ရာ ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပေးလိုက်ပြီ ဖြစ်သည်။
ထိုဥပဒေအား လွှတ်တော်မှ အတည်ပြုပြီး နိုင်ငံတော် သမ္မတက သီတင်းပတ် နှစ်ပတ်အတွင်း လက်မှတ်ထိုးပြီးပါက တရားဝင် ဆန္ဒပြခွင့် ရမည်ဖြစ်သည်။
နိုဝင်ဘာ ၂၁ ရက်နေ့က အတည်ပြုလိုက်သော ယင်းဥပဒေအရ ဆန္ဒပြမည့်သူများသည် အစိုးရရုံးများ၊ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် သံရုံးများ စသည့်နေရာဒေသ အနီးတဝိုက်၌ ဆန္ဒပြပိုင်ခွင့်မရှိပေ။
ဆန္ဒပြသူများအနေဖြင့် မိမိတို့ ကြွေးကြော်မည့် ဆောင်ပုဒ်၊ အသုံးပြုမည့် နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတို့၏ အလံ၊ နေရာတို့ကို အာဏာပိုင်များထံ ၅ ရက် ကြိုတင်၍ ခွင့်ပြုချက်ရယူခြင်း လုပ်ဆောင် ရမည်ဖြစ်ပြီး နိုင်ငံတော်အလံကိုပါ ကိုင်ဆောင်ကြရမည် ဖြစ်သည်။
ဆန္ဒပြရာတွင် လက်နက်များ ကိုင်ဆောင်ခွင့်ကို ကန့်သတ်ထားပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်များ၊ သံဃာတော်များက ဆန္ဒပြပိုင်ခွင့် မရှိကြောင်း သိရသည်။
ထိုဥပဒေအား ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး ဒု – ဗိုလ်ချုပ်ကြီးကိုကိုက စက်တင်ဘာလအတွင်း ကျင်းပခဲ့သော ပြည်သူ့ လွှတ်တော်အစည်းအဝေး၌ တင်သွင်းဆွေးနွေးခဲ့ပြီး ယခု အတည်ပြုလိုက်ခြင်း ဖြစ်သည်။
ငြိမ်းချမ်းစွာ စုဝေးခြင်း၊ စီတန်း လှည့်လည်ခြင်းကို အသုံးချ၍ အများပြည်သူကို အနှောင့်အယှက် ဖြစ်စေခြင်း၊ ဘေးအန္တရာယ် ဖြစ်စေခြင်း၊ ထိခိုက် နစ်နာစေခြင်းတို့မှ ကာကွယ်ရန် ရည်ရွယ်ပြီး အသစ် ရေးဆွဲရခြင်းဖြစ်ကြောင်း ဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုက လွှတ်တော်၌ ရှင်းပြခဲ့သည်ဟု သိရသည်။
၂၀၀၈ အခြေခံ ဥပဒေ၊ နိုင်ငံသားများ၏ ရပိုင်ခွင့် အခန်းကဏ္ဍ၌ လွတ်လပ်စွာ စီတန်း လှည့်လည်ခွင့်၊ ဆန္ဒ ဖော်ထုတ်ခွင့်တို့ကို ပြဋ္ဌာန်းထားပြီးဖြစ်၍ ဘောင်ကျဉ်းသော သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းရန် မလိုအပ်ဟု လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောကြသည်။
နိုင်ငံသားတို့၏ မူလအခွင့်အရေးနှင့် တာဝန်များ၊ ရပိုင်ခွင့်များနှင့် ပတ်သက်၍ ၂၀၀၈ အခြေခံဥပဒေ အခန်း (၈) တွင် နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ ပြည်သူတို့၏ အကျိုးငှာ ပြဋ္ဌာန်း သည့် ဥပဒေများအား မဆန့်ကျင်လျှင် မိမိတို့၏ ဆန္ဒများကို လွတ်လပ်စွာ ထုတ်ဖော်ပိုင်ခွင့် ရှိကြောင်း ရေးသားထားသည်။