မြန်မာအစိုးရသည် မြောက်ကိုရီးယားထံမှ နျူကလီးယားလက်နက်ဆိုင်ရာ အကူအညီယူခဲ့ကြောင်း အမေရိကန်အထက်လွှတ် တော် အမတ် မစ္စတာ ရစ်ချတ် လူဂါ က ပထမဆုံး အကြိမ် ထုတ်ပြောလိုက်သည်။

အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ အနေဖြင့် လွန်ခဲ့သည့် ၅ နှစ်ခန့်ကတည်းက သတင်းအချက်အလက်များ လက် ခံ ရရှိထားကြောင်း၊ ထိုသတင်းအချက်လက်များကို သက်ဆိုင်ရာ အရာရှိများထံ လွှဲပြောင်းပေးခဲ့သော်လည်း လူသိရှင်ကြား ထုတ်ပြန်ခြင်း မလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးရာကော်မတီ ရုံးအဖွဲ့ဝင် မစ္စတာ ကိသ် လူ့စ် ကို ကိုးကား၍ ဝါရှင်တန် ပို့စ် သတင်း တွင် ယနေ့ ဖော်ပြသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်ကလည်း ယခုလကုန်တွင် မြန်မာနိုင်ငံသွားမည်ဖြစ်သည်။ ထိုခရီးစဉ် နှင့် အချိန်ကိုက်၍ ယနေ့တွင် အထက်လွှတ်တော်အမတ် လူဂါ၏ ကြေညာချက်ကို ထုတ်ပြန်ထားသည်။
မစ္စ ဟီလာရီ ၏ မြန်မာနိုင်ငံခရီးစဉ်သည် နှစ် ၅၀ အတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးတဦး၏ ပထမဆုံးခရီးစဉ်လည်းဖြစ် သည်။
မစ္စတာ ကိသ် လူ့စ်“လာမယ့် နိုင်ငံခြားရေး ဝန်ကြီးရဲ့ ခရီးစဉ်နဲ့ပတ်သက်လို့ကတော့ အထက်လွှတ်တော်အမတ် လူဂါ က ဒီကိစ္စ ကို မြန်မာအစိုးရနဲ့ သေချာဆွေးနွေးရ မှာကို မီးမောင်းထိုးပြချင်တာ”ဟု ဆိုသည်။
မစ္စတာ ရစ်ချတ် လူဂါသည် ရီပတ်ဘလစ်ကန် ပါတီ နိုင်ငံခြားရေးရာ ကော်မတီ၏ တာဝန်ရှိသူ တဦးလည်းဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကို မြန်မာ အစိုးရဘက်က အနုမြူလက်နက်ဆိုင်ရာ ရည်မှန်းချက် မရှိကြောင်း၊ တိုင်းပြည်အနေဖြင့်လည်း ဆင်းရဲသည့်အတွက် နျူကလီးယား လက်နက် ပိုင်ဆိုင်လိုသည့် အစီအစဉ်မရှိကြောင်း ပြောကြားမှု ရှိခဲ့သည်။
သို့သော် မြန်မာနှင့် မြောက်ကိုးရီးယား၂ နိုင်ငံဆက်ဆံရေးအပေါ် အမေရိကန်က နှစ်ပေါင်းများစွာစောင့်ကြည့်နေခဲ့ပြီး လူ့အခွင့် အရေး အချိုးဖောက်ဆုံး၂ နိုင်ငံအဖြစ် စွပ်စွဲ၍ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ထားသည်။
မကြာခင်သေးခင်နှစ်များကလည်း မြန်မာကို ဦးတည်ခုတ်မောင်းလာနေသည့် နျူကလီးယား နည်းပညာနှင့် လက်နက်များ သယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ် မြောက်ကိုရီးယား သင်္ဘောများကို ပြန်လှည့်သွားစေရန် အမေရိကန် ရေတပ်က လုပ်ဆောင်ခဲ့သည်။
မြန်မာနိုင်ငံက နျူကလီးယားပိုင်ဆိုင်ရန် ကြိုးပမ်းမှုနှင့်ပတ်သက်၍ ပေါက်ကြားမှုများလည်း ကျယ်ပြန့်စွာ ပေါ်ထွက်ခဲ့သည်။
မြန်မာနိုင်ငံ မကွေးတိုင်း အနောက်ခြမ်း မလွန်ဒေသရှိ အမည်မသိစက်ရုံတွင် မြောက်ကိုရီးယား ပညာရှင်များနှင့် မြန်မာ စစ် တပ်တို့ လျှို့ဝှက် စီမံကိန်းများလုပ်ဆောင်နေသည်ဟူ၍လည်း သတင်းများတွင် ဖော်ပြထားသည်။
ထို့အပြင် မြန်မာစစ်တပ်၏ စစ်လက်နက်စက်ရုံ ဒုတိယ စက်ရုံမှူး ဗိုလ်မှူးဟောင်း စိုင်းသိန်းဝင်းကလည်း မြန်မာအစိုးရ၏
လျှို့ဝှက်လုပ်ဆောင်နေသည့် နျူကလီးယား ရည်မှန်းချက်များကို ၂၀၀၉ ခုနှစ်က ဖွင့်ချခဲ့သည်။
ယမန်နှစ်က ပေါက်ကြားခဲ့သော အမေရိကန် သံတမန် လှျှို့ဝှက်ဆက်သွယ်မှုဆိုင်ရာ ဝီကီလိခ် ကြေးနန်းတွင်လည်း မြန်မာ တောတွင်းရှိ စစ်တပ်အခြေစိုက်စခန်းများတွင် ရာနှင်ချီသော မြောက်ကိုးရီးယား နိုင်ငံသားများလာရောက် လုပ်ကိုင်နေသည်ကို အမေရိကန် သံတမန်များက ပြောဆိုထားမှုများပါဝင်ခဲ့သည်။
အထူးသဖြင့် မြန်မာနှင့် မြောက်ကိုးရီးယား၂ နိုင်ငံ ပူးပေါင်းလုပ်ဆောင်နေသည်များကို အမေရိကန် အရာရှိများအကြား သံသယဖြစ်နေမှုများနှင့်ပတ်သက်၍ ဝီကီလိခ်တွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
မစ္စတာ လူဂါက“မြန်မာအစိုးရ အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပြုပြင်ပြောင်းလဲမှုတွေလုပ်မယ်လို့ ကတိပေးထားတာဟာ ရိုးသား တဲ့ လုပ်ရပ် ဟုတ်၊ မဟုတ်ကို လက်တွေ့ လိုက်နာ အကောင်အထည်ဖော်မှုကနေ ဆုံးဖြတ်ပါလိမ့်မယ်”ဟု ပြောဆိုသည်။
ပြန်လည်၍ အစမ်းသဘော ထိတွေ့ဆက်ဆံရေး ရည်မှန်းချက်အရ နျူကလီးယား အစီအစဉ် ဆိုင်ရာများ နှင့် ပတ်သက်ပြီး မည်သည့်အတိုင်းအတာအထိ ရောက်နေပြီ ဆိုသည်များကို မြန်မာအစိုးရအနေနှင့် ဖော်ပြသင့်သည်ဟုလည်း မစ္စတာ လူဂါ ၏ ကြေညာချက် က ဆိုထားသည်။
ဝန်ကြီး ဟီလာရီ ကလင်တန်သည် လာမည့် တနင်္လာနေ့တွင် အာရှသို့ ခရီးစတင်ထွက်မည်ဖြစ်ဖြစ်ပြီး တောင်ကိုးရီးယား နိုင်ငံ တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အကူအညီပေးရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်မည်ဖြစ်သည်။ ထို့မှတဆင့် မြန်မာ နိုင်ငံသို့ သွားရောက်မည်ဖြစ်သည်။
မကြာသေးမီ ရက်ပိုင်းအတွင်းက မြောက်ကိုရီးယားနိုင်ငံအနေနှင့် မြန်မာနှင့် အမေရိကန် ဆက်ဆံရေးမျိုး လောလောဆယ် ရရှိနိုင်မည် မဟုတ်သေးကြောင်း အမေရိကန် အကြီးတန်း အရာရှိတဦးက ထုတ်ဖော်ပြောဆိုထားသည်။