ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်ရပ်စဲရေး ဆုတောင်းပွဲနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များ ကူညီပေးရေးလှူဒါန်းပွဲကို မန္တလေးအခြေစိုက် လူမှုကူညီရေးအဖွဲ့များက ယနေ့နေ့လယ်၂နာရီခန့်တွင် မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ် ကျောင်းတိုက်၌ ကျင်းပသည်။
မန္တလေး အခြေစိုက် အမရသုခ၊ နှလုံးသားဖောင်ဒေးရှင်း၊ အာရှအလင်းရောင်၊ ပီတိမိုး ကောင်းကင် စသည့် လူမှုရေးအဖွဲ့ ၁၅ ဖွဲ့ခန့်မှ နယ်မြေလုံခြုံမှုမရှိသော ဒေသများရှိ ကလေးသူငယ်များသို့ ကူညီရေးနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲ ခေါင်းစဉ်ဖြင့် ကျင်းပကြောင်း လူမှုရေးလုပ်ငန်း လုပ်ကိုင်နေသူ တဦးက ပြောသည်။

“ကချင်ပြည်နယ်က စစ်ပွဲတွေအတွက် မိဘမဲ့တိုင်းရင်းသား ကျောင်းသားလေးတွေက ငြိမ်းချမ်းရေးဆုတောင်းမယ်၊ ပြီးရင် ပရဟိ တ အဖွဲ့တွေက ငွေသား ကျပ် သိန်း ၃၀ကျော် နဲ့ အဝတ်အစား၊ အစားအသောက်တွေလှူမယ်”ဟု ၎င်းကဆိုသည်။
ယမန်နေ့ကလည်း ကံတက်ကုန်းမစိုးရိမ် ကျောင်းတိုက်ရှိ မိဘမဲ့တိုင်းရင်းသားကျောင်းသား ၂၀၀ကျော်က စစ်ပွဲ ဖြစ်ပွားရာ ဒေသမှ ကလေးသူငယ်များထံ စိတ်ဓာတ်အားပေးသည့် စာနှင့် ပန်းချီကားများ ပေးပို့ကြကြောင်း သိရသည်။
ထို့အပြင် မန္တလေးမြို့ခံ စာရေးဆရာများဖြစ်သည့် ဆရာညီပုလေး၊ ဆရာဆူးငှက်၊ ဆရာ ညီစေမင်းတို့လည်း ပြည်တွင်းစစ်နှင့် ပတ်သက်သည့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ တိုင်းရင်းသားညီအစ်ကိုချင်း ချစ်ကြည်မှုများကို ဟောပြောကြသည်။
ဆရာဆူးငှက်က“မိဘမဲ့ကျောင်းဆိုတော့ ကချင်၊ ကရင်၊ ရှမ်း လူမျိုးစုံပါတယ်၊ ဒါကြောင့် ညီညွတ်ရေးအကြောင်း ဟောတာ”ဟု ပြောပြသည်။
တခြားလူမှုရေးအဖွဲ့တခုဖြစ်သည့် မြင့်မြတ်ဧရာဝတီ လူမှုရေးအဖွဲ့မှလည်း ပြီးခဲ့သည့် ရက်ပိုင်းက မြစ်ကြီးနားဒေသရှိ စစ်ပြေးဒုက္ခသည်များအတွက် ပထမအကြိမ် အလှူငွေနှင့် အစားအသောက်၊ အဝတ်အထည်များကို ဒေသရှိ ဘုန်းတော်ကြီးကျောင်း၊ ဘုရားကျောင်း များမှ တဆင့်လှူဒါန်းသည်။
ဘဝအလင်း ပရဟိတနှင့် ရန်ကုန် နာရေးကူညီမှု အသင်းတို့ကလည်း မကြာမီ ကချင်ပြည်နယ်သို့ သွားရောက်လှူဒါန်းရန်ရှိကြောင်း သိရသည်။
ပြီးခဲ့သည် ဇွန်လကတည်းက အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA)တို့အကြား စတင်ဖြစ်ပွားသည့် တိုက်ပွဲများမှာ ယနေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး ယခုအခါ ဆောင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်၍ အဝတ်အထည် အသုံးအဆောင်များ လိုအပ်နေကြောင်း တရုတ် – မြန်မာနယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့များ အဆိုအရ သိရသည်။
“ထိုးစစ်ေတွေ ကြောင့် ဒုက္ခသည်တွေပိုများလာတယ်”ဟု တရုတ်- မြန်မာနယ်စပ် မိုင်ဂျာယန်အခြေစိုက် ဒုက္ခသည်များကို ကူညီနေ သည့် ကချင် အမျိုးသမီးအစည်းအရုံး အဖွဲ့ဝင် မိုင်းဂျာ က ဆိုသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားကာစက ထွက်ပြေးတိမ်းရှောင်နေသည့် ဒုက္ခသည် သုံးသောင်းခန့်ရှိသော်လည်း အစိုးရ စစ်တပ်များ တိုးချဲ့လာပြီး တိုက်ပွဲများ ပြင်းထန်လာ၍ ယခုအခါ လေးသောင်းကျော်ရှိလာရာ နေရာချထားရေးနှင့် စားဝတ် နေရေး၊ ရာသီဥတု ဒဏ်ခံနိုင်စေရန်အတွက် အနွေးထည် စသည်တို့ လုံလောက်မှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။