အစိုးရ ကျင်းပခဲ့သော ၂၀၁၀ ရွေးကောက်ပွဲကို ဆန့်ကျင်ခဲ့သည့် မွန်အမျိုးသား ဒီမိုကရေစီ အဖွဲ့(MNDF)ပါတီနှင့် မွန်ဒေသလုံး ဆိုင်ရာ ဒီမိုကရေစီပါတီ(AMRDP) နှစ်ပါတီ ပူးပေါင်း၍ တပါတီအဖြစ် ရပ်တည်ရန် စီစဉ်နေကြောင်း သိရသည်။
MNDF သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မွန်ပြည်နယ်ရှိ မဲဆန္ဒနယ် ၅ ခုတွင် အနိုင်ရခဲ့သော ပါတီဖြစ်ပြီး AMRDP က၂၀၁၀ ရွေးကောက်ပွဲတွင် အစိုးရ လွှတ်တော်သုံးရပ်၌ ကိုယ်စားလှယ် ၃၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ရာ ၁၆ ဦး အနိုင်ရထားသော ပါတီ ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ပြီး ပါတီပူးပေါင်းရေးအတွက် မူအရလက်ခံ သဘောတူထားကြောင်း
AMRDP ပါတီ ဥက္ကဌ ဦးနိုင်ငွေသိန်းက ဧရာဝတီသို့ ပြောသည်။
“ဘာပဲ ဖြစ်ဖြစ် ကျနော်တို့ မွန်က တဖွဲ့ပဲ ဖြစ်ရမယ်”ဟု ၎င်းက ဆိုသည်။
ယခုကဲ့သို့ ပူးပေါင်းရခြင်းသည် ရှေ့လာမည့် ရွေကောက်ပွဲ အတွက် ရည်ရွယ်ကြောင်း၊ မွန်ပြည်သူ လူထုနှင့် မွန်သံဃာတော်များ လည်း ထောက်ခံအားပေးကြကြောင်း ဦးနိုင်ငွေသိန်းက ဆက်ပြောသည်။
AMRDPပါတီမှ အတွင်းရေးမှူး ဒေါက်တာ မင်းစိုးလင်းကလည်း“မဲပေးတဲ့ အချိန်မှာ မွန်လူမျိုးတွေကို မရောထွေးစေချင်ဘူး၊ ဒါ ကြောင့် ကျနော်တို့မှာ ပါတီတခုပဲ ရှိစေချင်တယ်၊ ပါတီ၂ ခုကို တခုအဖြစ် ပေါင်းလိုက်ရင် ပိုအားကောင်းမယ်ဆိုတာတော့ ပြောဖို့ မလိုဘူးထင်တယ်”ဟု ၎င်းက ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ မှတ်ပုံတင်ရေးကို နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ဆုံဖြတ်ခဲ့ သောကြောင့် နောက်လာမည့် ရွေးကောက်ပွဲတွင် ပြင်ဆင်ထားရန် လိုအပ်သည်ဟု မွန်ခေါင်းဆောင်များက ယုံကြည်နေကြသည်။
သမ္မတ ဦးသိန်းစိန် စည်းရုံးသည့်ဘက်သို့ ပါသွားသော ဒေါ်အောင်ဆန်းစုကြည် အပေါ် ယုံကြည်၍ မရတော့သဖြင့် ၎င်းတို့အနေနှင့် စည်းလုံးသင့်ကြောင်း AMRDPမှ ဦးနိုင်ငွေသိန်းက ရှင်းပြသည်။
“တိုင်းရင်းသားတွေက ဟိုတုန်းကတည်းက သူ့ကို ယုံတယ်။ အခုတော့ သူက တိုင်းရင်းသားတွေကို သစ္စာဖောက်သလို ဖြစ်သွား တယ်၊ အခုချိန်က ကျနော်တို့ ညီညွတ်ရမယ့် အချိန်ပဲ၊ ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ အတွက် တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဆွေးနွေးကြမှာပါ” ဟု ၎င်းက ဆိုသည်။
မွန်ပြည်သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာကလည်း ဒေါ်အောင်ဆန်းစုကြည်၏ အင်အား၊ တိုင်းရင်းသားများ၏အင်အား ပူးပေါင်းနိုင် ပါက အစိုးရကို ဆွေးနွေးရေး စားပွဲဝိုင်းသို့ ဆွဲခေါ် ရာတွင် ပိုမိုလွယ်ကူစေမည်ဟု ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည် တယောက်တည်း အပေါ်မှာပဲ တိုင်းရင်းသားတွေ အားကိုးမနေသင့်ဘူး၊ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ့်အခွင့်အရေး ကိုယ်ရဖို့ ကိုယ်တိုင် လုပ်မှပဲ ဖြစ်တော့မယ်”ဟု ၎င်းက ဆိုသည်။