၂၀၁၃ ဆီးဂိမ်းအတွက် ကြိုပြင်ကြမလား
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမှာ ကျင်းပတဲ့ ၂၆ ကြိမ်မြောက် အရှေ့တောင် အာရှ (sea games) ပြိုင်ပွဲမှာ အိမ်ရှင် အင်ဒိုနီးရှားနိုင်ငံ က ရွှေတံဆိပ် အများဆုံးရရှိခဲ့ ပြီးပြီးခဲ့တဲ့ ၂၂ရက်နေ့ ကတော့ ပွဲစဉ်တွေ အားလုံးပြီးဆုံးသွားခဲ့ပါပြီ။
ကွင်းပိတ်ပွဲမှာ နောက်တကြိမ်ကျင်းပမယ့် မြန်မာနိုင်ငံကို အလံ ပေးအပ်ခဲ့ပြီး မြန်မာ့ရိုးရာ ဖျော်ဖြေမှုတွေနဲ့ အတူ အင်ဒိုနီးရှားနိုင်ငံက ကျော်ကြားတဲ့ အနုပညာရှင်တွေရဲ့သီဆိုဖျော်ဖြေမှုတွေနဲ့ပြီးဆုံးခဲ့ပါတယ်။
ပြိုင်ပွဲ အရပ်ရပ် အတွက် ရွှေတံဆိပ်ဆုပေါင်း ၅၅၄ ဆုချီးမြှင့်ခဲ့ရာမှာ အိမ်ရှင်အင်ဒိုနီးရှားက ရွှေတံဆိပ်ဆု ၁၈၂ ဆု အများဆုံး ရရှိခဲ့ဲပြီးထိုင်းနိုင်ငံက ၁၀၉ခုနဲ့ ဒုတိယနေရာ မှာရပ်တည်ခဲ့ပါတယ်။ ဗီယမ်နမ်ကတော့၉၆ခုနဲ့ တတိယနေရာမှာ ရပ်တည်ခဲ့ပြီးမြန်မာကတော့ရွှေတံဆိပ်ဆု၁၆ခုနဲ့အဆင့်၇ ပဲ ရခဲ့ပါတယ်။
ဒီ Sea Games ပြိုင်ပွဲတွေမှာ ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ စတဲ့နိုင်ငံ ပေါင်းစုံက ပါဝင် ယှဉ်ပြိုင် နိုင်တဲ့အားကစားတွေ အပြင် အင်ဒိုနီးရှား ရိုးရာ အားကစား ပြိုင်ပွဲပေါင်း ၆ခုလောက်ထည့်သွင်း ယှဉ်ပြိုင်စေခဲ့တာပါ။
အဲဒီရိုးရာ အားကစားတွေကိုတော့ အိမ်ရှင်နိုင်ငံက လွဲလို့ တခြားနိုင်ငံတွေက ကျွမ်းကျင်မှု လိုအပ်တာကြောင့် ပါဝင် ယှဉ်ပြိုင်မှု နည်းပါးရလို့ ဝေဖန်မှုတွေများခဲ့တယ်လို့ သိရပါတယ်။ အဲဒီအင်ဒိုနီးရှား ရိုးရာပြိုင်ပွဲတွေမှာ ဆုတံဆိပ်တွေ အားလုံးကို အိမ်ရှင်နိုင်ငံကပဲ အများဆုံးဆွတ်ခူး ရရှိခဲ့ပါတယ် ။ ကိုယ့်နိုင်ငံက ရိုးရာအားကစား ဆိုလေတော့ ကိုယ်သာလျှင် အကျွမ်း ကျင်ဆုံး ဖြစ်ပေမပေါ့။
ဒီဖြစ်ရပ်ကို ဥပမာယူပြီး ၂၀၁၃ မှာ အိမ်ရှင်နိုင်ငံ အဖြစ် ကျင်းပခွင့်ရမယ့် မြန်မာနိုင်ငံအနေနဲ့ သင်ခန်းစာ ယူမယ်ဆို ယူနိုင်ပါတယ်။
၁၉၆၉ ခုနှစ်က စပြီး အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပခွင့် မရခဲ့ရာကနေ နှစ် ၄၀ ကျော်အတွင်း လာမယ့် ၂၀၁၃ခုနှစ်ကျမှ ဆီးဂိမ်းကို ပထမဆုံး အိမ်ရှင်နိုင်ငံ အဖြစ် ပြန်လည်ကျင်းပခွင့် ရတာဆိုတော့ မြန်မာနိုင်ငံက ဒီအခွင့်အရေးကို လက်မလွှတ်သင့်ဘူး ထင်ပါတယ်။
အင်ဒိုနီးရှား နိုင်ငံလိုပဲ မြန်မာနိုင်ငံ အိမ်ရှင်ဖြစ်တဲ့အချိန်မှာ အားကျမခံ မြန်မာ့ရိုးရာအားကစားတွေဖြစ်တဲ့ခေါင်းအုံးရိုက်၊ချောတိုင်တက်၊ထုတ်စည်းတိုး၊ ကြက်ဖခွပ်၊ ကုလားမစည်းနင်း၊ ခြေထောက်နဲ့လှေလှော် စတဲ့အားကစားနည်းတွေကိုသာထည့်သွင်းယှဉ်ပြိုင် ခိုင်းလိုက်မယ်ဆိုရင် အနည်းဆုံး ရွှေတံဆိပ်၇ခုလောက်ကိုတော့ စိတ်ကူးနဲ့ ကြိုတင်ဆွတ်ခူးထားဖို့ အားကစား ဝန်ကြီးဌာန အနေနဲ့ စဉ်းစားသင့်ပါပြီ။
မြန်မာ့ အားကစား ကမ္ဘာကို မလွှမ်းတောင် အာဆီယံနိုင်ငံတွေကို လွှမ်းသွားလည်း နည်းတာမှတ်လို့။
မြန်မာ့ ဘောလုံးရွှေခေတ် အမြန်ရောက်စေချင်
၂၆ ကြိမ်မြောက် ဆီးဂိမ်း ဘောလုံးပြိုင်ပွဲ မှာ မြန်မာဘောလုံးအသင်းက ဗီယမ်နမ်အသင်းကို တတိယနေရာလုပွဲမှာ ၄ ဂိုး ၁ဂိုးနဲ့ အနိုင် ရရှိခဲ့တာဟာ သမိုင်းမှာ တင်နေတဲ့ရှုံးကြွေး တခုကို ဆပ်နိုင်ခဲ့ခြင်းလို့ပြောရမှာပါပဲ။
ပြီးခဲ့တဲ့ ဗီယမ်နမ် ဖိတ်ခေါ် ဖလား ပြိုင်ပွဲမှာတုန်းက မြန်မာ က ဗီယက်နမ်ကို၅ ဂိုး – သုညနဲ့ ပူပူနွေးနွေး ရှုံးနိမ့်ခဲ့ဖူးတဲ့ အကြွေးကို ပြန်ဆပ်လိုက်တာ ဖြစ်ပါတယ်။
အဆိုးရွားဆုံး သမိုင်းကြွေးကတော့ ၁၉၉၅ ခုနှစ်တုန်းက ထိုင်းနိုင်ငံချင်းမိုင်မှာ ကျင်းပတဲ့ ဆီးဂိမ်း ဘောလုံးအကြိုဗိုလ်လုပွဲမှာ ဗီယမ်နမ်နဲ့မြန်မာတို့ ယှဉ်ပြိုင်တဲ့ အချိန်က ဂိုးသမားအောင်ကျော်ကျော် အပါအဝင်၂ယောက် အထုတ်ခံရလို့ရှုံးနိမ့် ခဲ့ရ တဲ့ဲ့ပွဲစဉ်ပါ။ မြန်မာ တော်တော်များများ မမေ့နိုင်တဲ့ပွဲစဉ် တပွဲ လည်းဖြစ်ခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာဒိုင်ရဲ့ဘက်လိုက်မှု၊ မြန်မာ ဘောလုံးသမားတွေရဲ့သည်းမခံနိုင်မှုစတဲ့အားနည်းချက်တွေကြောင့်ရှုံးနိမ့်ခဲ့ရတဲ့ပွဲလည်း ဖြစ်ပါတယ်။
အဲဒီကာလက ဆိုရင် ပြိုင်ပွဲကြီးပြီးသွားသည့်တိုင်အောင်မပြီးနိုင်မစီးနိုင် ဖြစ်နေ ကြတာကတော့မြန်မာပရိသတ်တွေရဲ့အသံတွေပါပဲ။
ဒါ့အပြင်၂၀၀၅ခုနှစ် ဆီးဂိမ်း အုပ်စုပွဲစဉ်မှာလည်း၁ ဂိုး -သုညနဲ့ရှုံးနိမ့်ခဲ့ရပါတယ်။၂၀၀၇ခုနှစ် ဆီးဂိမ်း ပြိုင်ပွဲမှာတော့မြန်မာနဲ့ဗီယမ်နမ်တို့ဆီးမီးဖိုင်နယ်မှာဆုံတွေ့တဲ့အချိန်ပင်နယ်တီဆုံးဖြတ်ချက်အရ၃ ဂိုး – ၁ဂိုးနဲ့ခက်ခက်ခဲခဲအနိုင် ရခဲ့ဖူးပေမယ့်အခုအနိုင်ကတော့ခြေအသာဂိုးပြတ်နဲ့နိုင်တာလို့ ပြောရမှာပါ။
မကြာသေးခင်က ဆီးဂိမ်း ဘောလုံးပြိုင်ပွဲမှာပါဝင်ယှဉ်ပြိုင်ခဲ့တဲ့အသက်၂၃နှစ်အောက်လူငယ် ကစားသမား တွေဟာ ပွဲစဉ် တလျှောက် နိုင်လို စိတ်ပြင်းပြစွာနဲ့ ကစားခဲ့တာပါ။ ဆီးမီးဖိုင်နယ်ပွဲ မှာ အင်္ဂလန် ပရီးမီးယားလိဂ် အသင်းတွေနဲ့ခြေစမ်း ကစားပြီးလေ့ကျင့်ခဲ့တဲ့ မလေးရှားအသင်းကို တလုံးတည်းသေား ဂိုးနဲ့ရှုံးပွဲတပွဲကြောင့် ဗိုလ်လုပွဲလွဲချော် ခဲ့ရပေမယ့် ကျန်နေသေးတဲ့ တတိယနေရာလုပွဲမှာ ဗီယမ်နမ်အသင်းကို စိတ်ဓာတ်အသာနဲ့ ကစားသွားခဲ့တဲ့ ဂိုးပြတ်အနိုင်ကြောင့်မြန်မာနိုင်ငံက အထင်ကရ စီးပွားရေးသမား တွေကလည်း ဆုကြေးပေါင်း များစွာချီးမြှင့်ခဲ့ကြပါတယ်။
ပြည်တွင်းအားကစား ဂျာနယ်တွေရဲ့ဖော်ပြချက်အရတော့ အမေရိကန် ဒေါ်လာ၂သိန်းကျော်လောက် ဆုချီးမြှင့်ခဲ့တယ်လို့သိရပါတယ်။
မြန်မာအားကစား အဖွဲ့တွေရဲ့အပြန်လမ်းမှာကြိုဆိုတဲ့ပရိသတ်တွေက မြန်မာ ဘောလုံးအသင်းပါ လူငယ်တွေကို ပွေ့ဖက် နမ်းရှုံ့ပြီးကြိုဆိုခဲ့တာတွေကိုလည်းဂျာနယ် facebook တွေရဲ့ဓာတ်ပုံတွေ ကနေတဆင့်မြင်တွေ့ခဲ့ရပါတယ်။
မြန်မာ့ ဘောလုံးအားကစားတချိန်ကလိုရွှေခေတ်ကိုပြန်ရောက်လာတော့ မလားဆိုတာ အားပေးစောင့်မျှော်ရင်း … ။
လွင်မိုး လျှောက်ပြောနေသည်
ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) အတွက် မဲဆွယ်ပေးခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ လွင်မိုးရဲ့ လုပ်ရပ်တွေက စိတ်ဝင်စားစရာ ကောင်းတယ်လို့ ပြောရမယ် ထင်ပါတယ်။
မကြာသေးခင်ကမှ အကျဉ်းထောင်က လွတ်မြောက်လာခဲ့တဲ့ လူရွှင်တော် ဇာဂနာ ဦးစီးကျင်းပပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ဆုချီးမြှင့်ပေးမယ့် “လွတ်လပ်ခြင်း အနုပညာ” ရုပ်ရှင်ပွဲတော်မှာလည်း လွင်မိုးတယောက် ပါဝင်ယှဉ်ပြိုင်ဦးမယ် ဆိုလို့ပါ။
ပြီးခဲ့တဲ့၂၀၁၀ရွေးကောက်ပွဲမှာကြံ့ဖွံ့ပါတီကဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ယုဇနဦးဌေးမြင့်ကိုမဲထည့်ခဲ့သူ လွင်မိုးဟာ မကြာခင်က မီဒီယာတွေနဲ့ ပြဿနာဖြစ်ခဲ့တဲ့ လွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေအတွက် မဲဆွယ်စည်းရုံးရေး ပွဲတွေမှာလည်း လိုက်ပါစည်းရုံးခဲ့ပါ သေးတယ်။
ပြီးတော့ သူက “ကြံ့ဖွံ့ပါတီဟာအင်အားအတောင့်တင့်ဆုံးနဲ့အခိုင်မာဆုံးပါတီဖြစ်လို့မဲထည့်ခဲ့ တာပါ” လို့ ပြောတဲ့အတွက်ပရိသတ် တွေရဲ့ဝေဖန်အပြစ်တင်သံ တွေနဲ့ညံခဲ့တာ မှတ်မိကြဦးမှာပါ။
လွင်မိုးဟာ စစ်အစိုးရနဲ့ဆက်စပ်နေတဲ့စီးပွားရေးသမားတွေနဲ့အတူ အကျိုးအမြတ်လုပ်ငန်းတွေလက်တွဲလုပ်ကိုင်ခဲ့တဲ့သူ လို့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလက ဆိုရင် သူက “စီးပွားရေးလုပ်လာတဲ့အခါ ကျတော့ နိုင်ငံရေးက အရေးပါလာတယ်” လို့ ပေါ်ပြူလာ သတင်း ဂျာနယ်မှာ ပွင့်ပွင့်လင်းလင်းပဲ ပြောခဲ့တာပါ။
အခုတော့ ၂၀၁၀ ရွေးကောက်ပွဲ တုန်းက စစ်အစိုးရကျောထောက်ခံပြုထားတဲ့ ကြံ့ဖွံ့ပါတီကို မဲထည့်ခဲ့တဲ့ လွင်မိုးက မြန်မာနိုင်ငံရဲ့ အကြီးဆုံး အတိုက်အခံ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဆုချီးမြှင့်မယ့် ရုပ်ရှင်ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင် ပါတော့မယ်။
ဇန်နဝါရီ၄ရက်နေ့မှာကျင်းပပြုလုပ်မယ့် အဲဒီ “လွပ်လပ်ခြင်း ရုပ်ရှင်ပွဲတော်မှာ” ပါဝင်ယှဉ်ပြိုင်တာနဲ့ပတ်သက်ပြီးတော့ လွင်မိုးက မောနင်းပို့စ် ဂျာနယ်မှာ “လွတ်လပ်မှရှင်သန်လိမ့်မယ်လို့”ဆိုခဲ့ပါသေးတယ်။
“လွင်မိုး လျှောက်ပြောနေသည်” ဆိုတဲ့ ဇာတ်ကားရိုက်ဖို့များ အစီအစဉ်ရှိလေသလား ကိုလွင်မိုးရယ် လို့သာ မေးလိုက်ချင် ပါတော့တယ်။