ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည့်အတွက် လာရောက်ဖူးမြော်သူ လူအများနှင့် စည်ကားနေကြောင်း အစိုးရထုတ်သတင်းစာများတွင် ရက်ဆက် ရေးသားနေသည်ကို တွေ့ရသည်။
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ပေါက်ကုန်းရပ်ကွက် မဉ္စူသကလမ်းနေ ဦးထွန်းမြင့်၏ နေအိမ်ရှိ ဘုရားသောက်တော်ရေခွက် အတွင်း ဗုဒ္ဓမြတ်စွယ်တော် ပုံရိပ်တခု ပေါ်နေသည်ကို နိုဝင်ဘာ ၂၂ ရက်နေ့ ညနေ ၈ နာရီခန့်မှ စ၍ ယနေ့ထိ တွေ့နေရဆဲ ဖြစ်ကြောင်း သိရသည်။
ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် “နိုဝင်ဘာလ ၂၂ ရက်နေ့ည ၈ နာရီခန့်၌ တီဗီက ထုတ်လွှင့်နေသည့် ဗုဒ္ဓစွယ်တော် သတင်းအား ကြည့်နေစဉ် လျှပ်စစ်မီး ပြတ်တောက်သွား၍ ဖယောင်းတိုင်နှင့် အမွှေးတိုင် ပူဇော်ရာမှ ဘုရားစင်ရှိ သောက်တော် ရေခွက်အတွင်း ဗုဒ္ဓစွယ်တော် ပုံရိပ် ပေါ်နေသည်ကို တွေ့ရသည်” ဟူ၍ ရေးသားထားသည်။
ဗုဒ္ဓစွယ်တော်ကို နိုဝင်ဘာလ ၆ ရက်နေ့တွင် တရုတ်နိုင်ငံမှ မြန်မာနိုင်ငံသို့ ပင့်ဆောင် အပူဇော် ခံခဲ့ပြီးနောက် ကောလာဟာလ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
ရန်ကုန်မြို့တွင် ရောင်းချနေသည့် ရေသန့်ဗူး တချို့တွင်လည်း ဗုဒ္ဓစွယ်တော် ပုံရိပ် ထင်နေကြောင်း၊ ထိုသို့ ထင်လာသော စွယ်တော်ပုံရိပ်များကို ထိုင်ကန်တော့သူများ ရှိနေကြောင်း သတင်းများနှင့် ဓာတ်ပုံများ facebook နှင့် ဘလော့တချို့တွင် ပြန့်နှံ့နေသည်ကို တွေ့ရသည်။
“facebook တွေ၊ ဘလော့တွေမှာ တယောက်ချင်း ရေးကြတယ်ဆိုတာက မှားတာဖြစ်ဖြစ်၊ မှန်တာဖြစ်ဖြစ် လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတော့ အတည်ပြုရတာ ခက်တယ်။ ဒီတော့ ကောလာဟာလ လို့ပဲ တချို့က သဘောထား တတ်ကြပေမယ့် အစိုးရပိုင် မီဒီယာတွေကပါ ထပ်ပြီး ရေးလာတော့ ဟုတ်များနေမလား ဆိုပြီး လူတွေကြားမှာ ဖြစ်နေတယ်” ဟု ရန်ကုန် အခြေစိုက် သတင်းထောက်တဦးက ပြောသည်။
နည်းပညာနှင့် ပျော်မွေ့နေကြသည့် လူငယ်များက အယုံအကြည် နည်းပါးကြသော်လည်း လူကြီးအများစုကမူ ထိုသို့ သောက်တော် ရေခွက်နှင့် ရေသန့်ဗူးများတွင် ဗုဒ္ဓမြတ်စွယ်တော် ပေါ်သည် ဆိုခြင်းကို ယုံကြည်ကြကြောင်း ရန်ကုန်မြို့ခံ လူငယ်တဦးက ဆိုသည်။
“တယောက်က စပြီးတော့ စွယ်တော်ပုံ မြင်ရတယ် ပြောလိုက်တာနဲ့ နောက်လူတွေကလည်း အဟုတ်မှတ်ပြီး စိုက်ကြည့် ကြတယ်၊ စိုက်ကြည့်တာ နည်းနည်းကြာလာရင် တကယ်ပဲ စွယ်တော်လိုလို စိတ်ထဲက ဖြစ်လာတတ်တဲ့ သဘောပါ” ဟု
သတင်းထောက် တဦးက ပြောသည်။
၎င်းကိုယ်တိုင် ဓာတ်ပုံရိုက်ရန် သွားရောက်ခဲ့သော်လည်း စွယ်တော်ပုံကို ထင်ထင်ရှားရှား မမြင်ခဲ့ရကြောင်း၊ သို့သော် သောက်တော်ရေခွက်ထဲမှ စွယ်တော်ကို အချိန်ပေး၍ လာရောက်ကြည့်ရှုသူ အများအပြား တွေ့ခဲ့ရကြောင်း ဆက်ပြောသည်။
တရုတ်နိုင်ငံက ဗုဒ္ဓစွယ်တော်ကို မြန်မာနိုင်သို့ ပင့်ဆောင်ပူဇော်မှု ခံယူခဲ့သည်မှာ ယခုအကြိမ်သည် ၄ ကြိမ်မြောက်ဖြစ်ပြီး ယခုကဲ့သို့ ပင့်ဆောင် အပူဇော်ခံယူသည်ကို ဗုဒ္ဓဘာသာဝင် မြန်မာနိုင်ငံသားများအကြား အမြင်အမျိုးအမျိုး ကွဲပြားလျှက် ရှိသည်။
ဗုဒ္ဓစွယ်တော်မြတ် အစစ်အမှန်ကို ဖူးမြော်ခွင့်ရသောကြောင့် ဝမ်းသာ ပီတိဖြစ်ကြသူများ ရှိသကဲ့သို့ တချို့ကလည်း တရုတ်နိုင်ငံ၏ ဘာသာရေး မှိုင်းတိုက်မှု၊ မြန်မာနိုင်ငံအပေါ်လွမ်းမိုးလိုမှု တခုဟု ယူဆသူများရှိသည်။
ဗုဒ္ဓစွယ်တော်အတွက် လှူဒါန်းငွေ ရရှိမှုအနေဖြင့် နိုဝင်ဘာလ ၆ ရက်နေ့မှ ၂၁ ရက်နေ့အထိ ကျပ်သိန်းပေါင်း ၄၅၈၀ နှင့် နိုင်ငံခြားငွေ၊ လက်ဝတ်ရတနာ အမျိုးအတွက် တန်ဖိုး ကျပ် ၁၂၂၆ သိန်း ရရှိထားပြီး ဖြစ်ကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ယခင် နအဖ အစိုးရ အကြီးအကဲဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) + ဒေါ်ကြိုင်ကြိုင် မိသားစုကလည်း ဒေါ်လာ ၁၃၀၀ နှင့် လက်ဝတ်ရတနာ တချို့ လာရောက်လှူဒါန်းခဲ့သည်ဟု အစိုးရ သတင်းစာများတွင် ယမန်နေ့က ရေးသားထားသည်ကို တွေ့ရသည်။
မြန်မာပြည်သူများ၏ ဆင်းရဲမွဲတေမှု၊ ကုန်ဈေးနှှုန်း ကြီးမြင့်မှု၊ ပြည်တွင်း မငြိမ်သက်မှု စသည်တို့ကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းနေချိန်တွင် ပြည်သူများအား အာရုံ ပြောင်းလဲသွားစေလိုသောကြောင့် သောက်တော်ရေ ခွက်ထဲတွင် ဗုဒ္ဓမြတ် စွယ်တော်ပုံရိပ် ပေါ်နေသည်ဟု မြန်မာအစိုးရကပင် ဖန်တီးခြင်း ဖြစ်နိုင်ကြောင်း နိုင်ငံရေး စိတ်ပါဝင်စားသူများက ဝေဖန်ပြောဆိုကြသည်။
ဘာသာရေးအပေါ် ယုံကြည်မှုလွန်ကဲသည့် မြန်မာပြည်သူများအပေါ် ခုတုံးလုပ်ကာ မြန်မာအစိုးရနှင့် တရုတ်အစိုးရ တို့ ပူးပေါင်းပြီး အာရုံပြောင်းရန် ကြိုးစားနေသည်ဟု နစ်နေမန်း ဘလော့တွင် ဖော်ပြထားသည့်အပြင် တရုတ်အစိုးရကိုလည်း ပြင်းထန်စွာ ဝေဖန်ထားသည်ကို တွေ့ရသည်။
ဗုဒ္ဓမြတ်စွယ်တော်ကို တရုတ်ပြည် ပြင်ပသို့ ၇ ကြိမ် ပင့်ဆောင်ခဲ့ရာ ၄ ကြိမ်မှာ မြန်မာပြည်သို့ ဖြစ်ကြောင်း တရုတ် သာသနာရေးဝန်ကြီး Mr. Wang Zuo An က ရှင်းပြခဲ့သည်ဟု နိုဝင်ဘာ ၁၁ ရက်နေ့ ထုတ် အစိုးရသတင်းစာများတွင် ရေးသားထားသည်။
“မြန်မာနဲ့တရုတ် နှစ်နိုင်ငံ အကြား ညီရင်းအစ်ကိုလို ချစ်ကြည်ရင်းနှီးမှု ဖော်ပြရာရောက်သလို ရေစက်ရှိလို့ ဒီလိုဆုံကြရတယ် လို့လည်း ပြောလို့ရပါတယ်” ဟု တရုတ် သာသနာရေးဝန်ကြီးက ဆိုသည်။
ဗုဒ္ဓမြတ်စွယ်တော်သည် ဦးနုအစိုးရ လက်ထက် ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ်ရောက်ရှိခဲ့ပြီး ၁၉၉၄၊ ၁၉၉၆ ခုနှစ်တို့တွင် ထပ်မံ ရောက်ရှိခဲ့ဖူးသည်။
ယခုလတ်တလောတွင် ဗုဒ္ဓမြတ်စွယ်တော်၏ ပုံရိပ်မှာ သောက်တော်ရေခွက်နှင့် ရေသန့်ဗူးပေါ်၌ ပေါ်နေသည်ဟု သတင်းများ ထွက်ပေါ်နေသကဲ့သို့ပင် ယခင် နအဖ စစ်အစိုးရ လက်ထက်က ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ညွန့် ကျောက်တော်ကြီး ဘုရားကို တည်ခါစတွင် ဓာတ်တော်တောက်သည်ဟု ဆိုကာ နံနက်အရုဏ်တက်ချိန် စောစောထ ဖူးမြော်ခဲ့သူများ ရှိခဲ့သည်။
ထိုကဲ့သို့ ဓာတ်တော်တောက်ခြင်းသည် နည်းပညာများ အသုံးပြု၍ ဆောက်လုပ်သူ အင်ဂျင်နီယာများက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဝေဖန်သူများ ရှိခဲ့သကဲ့သို့ ဘုရား တည်ကာစ ဘုရားဖူး ပြည်သူများနှင့် ပြည့်လျှံခဲ့သော်လည်း ၂၀၀၄ ခုနှစ်တွင် ဦးခင်ညွန့် အထိမ်းသိမ်းခံခဲ့ရပြီးနောက် ဘုရားဖူးသူ နည်းပါးသွားခဲ့ကြောင်း သိရသည်။ ယခုအခါ ကျောက်တော်ကြီးဘုရား ဓာတ်တော် တောက်သည်ဟု ပြောဆိုသံလည်း မကြားရတော့ပေ။
ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်၏ စစ်ထောက်လှမ်းရေး ကြီးစိုးစဉ်ကာလက ရဟန္တာ သူတော်စင်များ ပေါ်ထွက်နေကြောင်း၊ ကောင်းကင်တွင် ဈာန်နှင့်ကြွနေသည်ကို တချို့က ဖူးမြင်ရကြောင်း စသည့် သတင်းများလည်း ထွက်ပေါ်ခဲ့ဖူးသည်။