အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန်များကို မြန်မာနိုင်ငံ ချင်းပြည်နယ် ကျီခါးဒေသ ဟိုက်ကျင်းရွာတွင် အာဏာပိုင်များက လက်ခံထားရာ ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်ပြီး ရှောင်တိမ်းနေကြကြောင်း သတင်းရရှိသည်။
အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်များနှင့် နယ်စပ်လုံခြုံရေးကို အဓိက တာဝန်ယူထားသော အာသံ ရိုင်ဖယ်တပ်များ၏ နှိမ်နင်းမှုကြောင့် အိန္ဒိယခွဲထွက်ရေး ကသည်းသူပုန်များသည် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံလာခြင်းဖြစ်ကြောင်း၊ ၎င်းတို့ကို အကာ အကွယ်မပေးရန်၊ ခိုလှုံသည့်နေရာများမှ ချက်ချင်းဖယ်ပေးရန်၊ မဖယ်ပါက လက်နက်ကြီးများဖြင့် ပစ်ခတ်နှိမ်နင်းမည်ဟု အာသံ ရိုင် ဖယ် တပ်က ခြိမ်းခြောက်ပြောဆိုထားကြောင်း၊ ထို့ကြောင့် စိုးရိမ်ထိတ်လန့်နေကြကြောင်း ဒေသခံတဦးက ဆိုသည်။
“သူတို့ သတ်မှတ်တဲ့အချိန်အတွင်း ဖယ်ရင်ဖယ်၊ မဖယ်ရင် လက်နက်ကြီးနဲ့ လှမ်းပစ်ရလိမ့်မယ်ပေါ့။ အဲ့ဒီလိုပြောတယ်။ အာသံရိုင် ဖယ်တပ် ရှိနေတဲ့ အိန္ဒိယနယ်စပ်နဲ့ ကသည်းတွေ အခုရောက်နေတဲ့ နေရာက ၁၂ ကီလိုမီတာလောက်ပဲရှိတော့ စိုးရိမ်တဲ့ ရွာသား တွေ ရွာကနေ ရှောင်ထွက်နေကြတယ်”ဟု ဟိုက်ကျင်းရွာသား တဦးက ဧရာဝတီသို့ ပြောသည်။
ထိုဒေသတွင် ၂၀၀၈ ခုနှစ်အတွင်းက ကသည်းလက်နက်ကိုင်များနှင့် ဇိုမီး သွေးစည်းညီညွတ်ရေး အစည်းအရုံး(ZRO)မှ ဇိုမီး သွေးစည်းညီညွတ်ရေး တပ်မတော်(ZRA) တို့ အပြန်အလှန် ပစ်ခတ်မှုများဖြစ်ခဲ့ပြီး သေကြေဒဏ်ရာရမှုများ ရှိခဲ့ဖူး၍ ဒေသခံများက ပိုမို စိုးရိမ် နေကြသည်ဟုလည်း သူကဆိုသည်။
“ဒီမှာက မြန်မာပြည်ဘက်ခြမ်းက ဇိုမီးလူမျိုးတွေလည်း နေကြတယ်လေ။ အဓိက အဲ့ဒီ ကသည်းတွေကို ကြောက်တာတော့ မဟုတ် ဘူး။ အိန္ဒိယဘက်ခြမ်းက ကသည်းတွေနဲ့ ဇိုမီးတွေနဲ့ တိုက်ပွဲ ဖြစ်ခဲ့ဖူးတော့ အခုလည်း ဒီလိုထပ်ဖြစ်မှာစိုးရိမ်နေကြတယ်”ဟု ဟိုက်ကျင်းရွာသား က ဆက်ပြောသည်။
ရောက်လာရှိသည့် ကသည်းလက်နက်ကိုင် ၄၀ ခန့်ရှိကြောင်း၊ ၎င်းတို့ကို နယ်မြေခံတပ်ရင်း ၈၉ မှ ဗိုလ်မှူး အောင်စည်သူနှင့် လက် အောက်ခံတပ်များက ကူညီနေရာချထား ပေးနေခြင်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
အာသံရိုင်ဖယ်တပ်က ဖြတ်သန်းသွားလာခွင့်ကို ကန့်သတ်ပိတ်ဆို့ထား၍ အိန္ဒိယ-မြန်မာနယ်စပ် ကုန်ကူးသူများလည်း နယ်စပ်မြို့တွင် သောင်တင်ရင်း အခက်တွေ့နေရကြောင်း၊ မြန်မာဘက်တွင် ခိုလှုံနေသော ကသည်းသူပုန်များထံသို့ ရိက္ခာ ပစ္စည်းများ ရောက် ရှိ မည်စိုးရိမ်၍ နယ်စပ် ကုန်သွယ်မှုကိုလည်း ကန့်သတ်ထားကြောင်း ကုန်သည် တဦးက ဆိုသည်။
၎င်းက“ကသည်းတွေက မဏိပူရ်ကနေ လောင်စာဆီတို့၊ တချို့အခြေခံစားသောက်ကုန်တွေ မဏိပူရ်ကနေ ယူတာကိုး။ အဲ့ဒီတော့ အာသံရိုင်ဖယ်တပ်က မင်းတို့ရွာသားတွေက ကသည်းတွေကို ခိုလှုံခွင့်ပေးထားတယ်၊ ဒါကြောင့် မင်းတို့ ပြန်လို့မရဘူးဆိုပြီး လမ်း တွေ ပိတ်ထားတာ။ အခုတော့ ကုန်သည်တွေအပြင် ဟိုဘက်ဒီဘက် ကိုယ့်ဆွေမျိုးရှိရာ သွားလာကြတဲ့သူတွေ ကိုယ့်အိမ် ကိုယ် တောင် ပြန်မရဘူး။ ၄ ရက်လောက်ရှိပြီဆိုတော့ ဒုက္ခများနေတယ်”ဟု ဆက်ပြောသည်။
အိန္ဒိယ ခွဲထွက်ရေးသူပုန်များကို ယခုကဲ့သို့ လက်ခံမှုများ ရှိနေသော်လည်း နှစ်နိုင်ငံနယ်စပ်အရေး ဆွေးနွေးသည့် အချိန်တိုင်းတွင် မြန်မာအစိုးရက ခွဲထွက်ရေးသူပုန်များကို လက်မခံကြောင်း၊ အိန္ဒိယအစိုးရကို ကူညီတိုက်ထုတ်မည်ဖြစ်ကြောင်း ပြောဆိုလေ့ရှိပြီး ထိုသို့ တိုက်ထုတ်နှိမ်နင်းရေးအတွက်လည်း အိန္ဒိယ၏ အကူအညီများကို ရယူလေ့ရှိသည်။
အိန္ဒိယအစိုးရကမူ အာသံ ခွဲထွက်ရေးအဖွဲ့၊ မဏိပူရ်ကသည်း ခွဲထွက်ရေးအဖွဲ့များသည် မြန်မာနိုင်ငံ စစ်ကိုင်းတိုင်း အထက်ပိုင်း ကဘော်ချိုင့်ဝှမ်း ဒေသတဝိုက်နှင့် ချင်းပြည်နယ် တွန်းဇံဒေသများတွင် ခိုလှုံနေထိုင်ကြကြောင်း အခိုင်အမာ ပြောဆိုသည်။
ယခုကိစ္စတွင် နယ်မြေခံအာဏာပိုင်များ၏ လာဘ်စားမှု၊ ပါဝင်ပတ်သတ်မှုများရှိနေကြောင်း၊ အဆိုပါ အိန္ဒိယခွဲထွက်ရေး သမားများကို နယ်မြေခံအာဏာပိုင်များက ကူညီနေရာချထားပေးမှုကြောင့် တချို့မှာ တမူးနှင့်ကလေးမြို့ပေါ်တွင်သာမက မန္တလေး မြို့အထိ ခြေဆန့်သွားလာကြပြီး နေအိမ် ခြံဝင်းများပင် ဝယ်ယူနေထိုင်မှုများ ရှိနေကြောင်း ဒေသခံများကလည်း ပြောပြသည်။
လက်ရှိ အခြေအနေများကြောင့် နှစ်နိုင်ငံဆက်ဆံရေး ထိခိုက်ပြီး နယ်စပ်ဒေသ လုံခြုံရေး၊ ဒေသတွင်း လုံခြုံရေးနှင့် ကူးသန်းရောင်း ဝယ်ရေးများ ထိခိုက်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။