တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ဒုတိယအကြိမ် ပြည်ပခရီးစဉ်အဖြစ် အိမ်နီးချင်းတရုတ်နိုင်ငံသို့ ယမန်နေ့က ထွက်ခွာသွားကြောင်း ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
ကာကွယ်ရေး ဦးစီးချုပ်၏ ယခု ပြည်ပခရီးစဉ်တွင် ဒု ဗိုလ်ချုပ်ကြီး လှဌေးဝင်း၊ ဒု ဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုဗိုလ်ချုပ်ကြီး ရာပြည့်၊ အရှေ့မြောက်ပိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ကျော်ဇောတို့လည်း လိုက်ပါသွားသည်ဟု သိရသည်။
ဤခရီးစဉ်သည် ယခုလအတွင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၏ ဒုတိယခရီးစဉ်ဖြစ်ပြီး ပထမခရီးစဉ်မှာ ပြီးခဲ့သည့် နိုဝင်ဘာ ၁၄ ရက် တွင် ဗီယက်နမ်နိုင်ငံသို့ သွားရောက်ခဲ့ကာ နှစ်နိုင်ငံ စစ်ရေးပူးပေါင်းဆောင်ရွက်မည့် စာချုပ်များကို အပြန်အလှန် ချုပ်ဆိုခဲ့ သေးသည်။
တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံသည် နယ်စပ်ချင်း ကပ်လျက်ရှိသည့် အပြင် တောင်တရုတ်ပင်လယ်အတွင်းရှိ စပတ်တလီ ကျွန်းစုများ ပိုင်ဆိုင်မှုနှင့် ပတ်သက်ပြီး တင်းမာမှုဖြစ်ပွားနေသည့် နိုင်ငံများဖြစ်သည်။
တရုတ်-မြန်မာနယ်စပ် စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောကမူ “ကချင်ပြည်နယ်မှာဖြစ်နေတဲ့ နယ်စပ်တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ပြောမယ်၊ နောက် ဗီယက်နမ်ကိုသွားထားတဲ့ ကိစ္စတွေကို ရှင်းပြဖို့လည်းပါတယ်” ဟု ဆိုသည်။
ထို့အပြင် တရုတ်၊ မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား စသည့်နိုင်ငံများ ထိစပ်နေသည့် မဲခေါင်မြစ်အတွင်း လုံခြုံရေး ကိစ္စရပ်များကို လည်းဆွေးနွေးမည်ဟု ယူဆရကြောင်း ၎င်းကဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာလအတွင်းက မဲခေါင်မြစ်အတွင်း တရုတ်ကုန်တင်သင်္ဘော ၂ စီး တိုက်ခိုက်ခံခဲ့ရပြီး တရုတ်လူမျိုး ၁၃ ဦး သတ်ဖြတ်ခံခဲ့ရသည်။
အဆိုပါ မဲခေါင်မြစ်ကြောင်း အဖြစ်အပျက်နှင့် ပတ်သက်၍ မြန်မာ-ထိုင်း- လာအို နယ်စပ် ရွှေတြိဂံဒေသတွင် အခြေစိုက်သည့် ရှမ်း မူးယစ်ရာဇာ နော်ခမ်း၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့သည်၊ ထိုကြောင့် ယခု လဆန်းပိုင်းတွင် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ကိုယ်တိုင် တြိဂံတိုင်း စစ်ဌာနချုပ်သို့ သွားရောက်ကာ ဒေသတွင်းရှိ စစ်တပ်အကြီးအကဲများကို တွေ့ဆုံခဲ့သေးသည်။
ယင်း တရုတ်သင်္ဘောသား ၁၃ ဦး အသတ်ခံရမှုနှင့်ပတ်သက်ပြီး ထိုင်းစစ်သား ၉ ဦး ချင်းရိုင် ချင်းစန်မြို့နယ် ရဲစခန်း၌ လာရောက် အဖမ်းခံခဲ့ကြောင်း ထိုင်း သတင်းများက ဖော်ပြခဲ့သည်။
မြန်မာအစိုးရသစ်လက်ထက် တပ်မတော်အရာရှိကြီးများ အနေဖြင့် ဒေသတွင်းနိုင်ငံများသို့ ခရီးလှည့်လည်နေခဲ့ရာ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဒုတိယ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းသည်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့ သေးသည်။
မကြာမီရက်ပိုင်းအတွင်း အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည့် အတွက် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ ယခုတရုတ်ပြည်ခရီးစဉ်သည် တရုတ်နှင့် အမေရိကန်နိုင်ငံအကြား အင်အားချိန်ခွင်လျှာ ထိန်းညှိရန် သွားရောက်ခြင်းဖြစ်သည်ဟု သုံးသပ်ပြောဆိုမှုများလည်း ထွက်ပေါ်နေသည်။