သတင်း

ပဲ ကြိုတင် ဝယ်ရောင်းခြင်း မပြုရန် UMFCCI သတိပေး

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ပဲဈေးကွက်အတွင်း ၂၀၀၈ ခုနှစ်က ဖြစ်ပွားခဲ့သော ကျပ် ဘီလီယံပေါင်းများစွာ လိမ်လည်မှုမျိုး ထပ်မံ မပေါ်ပေါက်စေရေးအတွက် ပဲမျိုးစုံ ကြိုရောင်း ကြိုဝယ်ခြင်း လုံး၀ မပြုလုပ်ကြရန်  ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဥက္ကဋ္ဌက စနေနေ့တွင် သတိပေးလိုက်သည်။

ရန်ကုန်မြို့တွင် ပြုလုပ်သော ၁၈ ကြိမ်မြောက် ပဲမျိုးစုံနှင့်နှမ်းကုန်သည်များ အသင်း နှစ်ပတ်လည် အစည်းအဝေး၌ ထိုသို့ ပြောလိုက်ခြင်း ဖြစ်သည်။

“ပဲလောကမှာ ရောင်းမှား၊ ဝယ်မှားဖြစ်တဲ့ ကိစ္စတွေက အမှတ်တမဲ့ လုပ်လိုက်တာမျိုး မဟုတ်ဘဲနဲ့ တကယ်ကို မှားလောက်မှန်း သိလျက်နဲ့ ရည်ရွယ်ချက် ရှိရှိ ကျူးလွန်ကြတာ။ တည့်တည့် ပြောရရင် ကြိုရောင်း၊ ကြိုဝယ်တွေကို ဆင်ခြင်ဖို့ပဲ” ဟု UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။

၂၀၀၈ ခုနှစ်က ငွေကျပ် ဘီလီယံ ၃၀၀ နီးပါး လိမ်လည်မှုများ ဖြစ်ပွားခဲ့ခြင်းမှာ ဈေးကွက် ခြယ်လှယ်လိုသော ကုန်သည်များက ပြည်ပ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ပဲဈေးကွက် ကမောက်ကမ ဖြစ်ရေးအတွက် ကြိုရောင်း ကြိုဝယ် လုပ်ဆောင်မှုကြောင့် ဖြစ်ကြောင်း မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင် ကုန်စည်ဒိုင်ရှိ ပဲကုန်သည်ကြီး တဦးက ပြောသည်။

ထိုအချိန်က ပဲဈေးကွက်ပျက်လုနီးပါး ဖြစ်သွားပြီး လူဆိုးဂိုဏ်းများကဲ့သို့ အုပ်စုဖွဲ့ အကြွေးတောင်းသော ပုံစံမျိုး ဖြစ်ပေါ်ခဲ့သည့်အတွက် အစိုးရက ကော်မတီများ ဖွဲ့ကာ ကြားဝင် ဆောင်ရွက်ပေးခဲ့ရကြောင်း၊  အခြားသော စီးပွားရေး လုပ်ငန်းများလည်း ဂယက်ရိုက် ထိခိုက်ခဲ့ရကြောင်း သူက ရှင်းပြသည်။

ထိုပြဿနာများမှာ ယခုအချိန်အထိ ပြီးပြတ်ခြင်း မရှိသေးကြောင်း ပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အသင်းဝင် ကုန်သည်တဦးက ဧရာဝတီကို ပြောသည်။

“အောက်တိုဘာလ ၇ ရက်နေ့ သတင်းစာထဲမှာ ပဲကုန်သည် ဦးခင်မြင့်က ကုန်သည် ဦးဌေးအောင်ဆီကနေ ပဲဖိုးငွေ ငွေကျပ် သိန်းပေါင်း ခြောက်သောင်း ခြောက်ထောင် ရှစ်ရာကျော် ရလိုမှုနဲ့ တရားစွဲတဲ့ ကြေညာချက် ပါလာတယ်။ အာဏာပိုင်တွေဘက်ကလည်း သိလျက်နဲ့ ကိုယ်ဖြစ်ကိုယ်ခံ ဆိုတဲ့ပုံစံမျိုး လျစ်လျူရှုခဲ့တာတွေ ရှိခဲ့လို့ အခုအချိန်အထိ ဒီပြဿနာတွေက ဆက်ဖြစ်နေတာပဲ” ဟု  သူက ရှင်းပြသည်။

ယခုနှစ်တွင် ပဲမျိုးစုံ ဈေးနှုန်း ကျဆင်းနေသော်လည်း အစိုးရသစ်၏ အခွန် ကင်းလွတ်ခွင့်နှင့် လုပ်ထုံး လုပ်နည်း ဆိုင်ရာ လျှော့ချမှုများကြောင့် အခွင့်အလမ်းကောင်းများ ရှိနေကြောင်း၊ သို့သော်လည်း တန်ဖိုးမြင့် ထုတ်ကုန်များကို မထုတ်လုပ် နိုင်သေးကြောင်း စီးပွား/ကူးသန်း   ဒုဝန်ကြီး ဒေါက်တာပွင့်ဆန်းက  ဆိုသည်။

“ကနေဒါနိုင်ငံက ကမ္ဘာ့ ပဲမျိုးစုံ စိုက်ပျိုး ထုတ်လုပ်တဲ့ နိုင်ငံ ဖြစ်တယ်။ မြန်မာနိုင်ငံက ဒုတိယ လိုက်ပေမယ့် ကနေဒါနိုင်ငံနဲ့ ယှဉ်ရင် အများကြီး နောက်ကျတယ်။ ကနေဒါက နှစ်စဉ် ပဲမျိုးစုံ တန်ချိန် ၃ သန်း နိုင်ငံပေါင်း ၁၅၀ ကို တင်ပို့နေတဲ့အပြင် တင်ပို့တဲ့ ထုတ်ကုန်တွေကလည်း တကယ့်ကို အရည်အသွေးမြင့်တဲ့ ထုတ်ကုန်တွေချည်းပဲ” ဟု ပဲမျိုးစုံနှင့်နှမ်း ကုန်သည်များ အသင်းမှ အလုပ်အမှုဆောင်တဦးက ပြောသည်။

မြန်မာနိုင်ငံက အိန္ဒိယပဲဈေးကွက်ကို အဓိကထား မှီခိုနေရပြီး အိန္ဒိယက မဝယ်လျှင်  ဈေးကွက် ပျက်ဖွယ်ရှိသည်ဟု သူက ပြောသည်။

တင်ပို့ ထုတ်လုပ်ရေး အဆင့်မြှင့်တင်ရန် အစိုးရပိုင်းကဏ္ဍ အရေးကြီးသကဲ့သို့   တောင်သူများ၏ ကဏ္ဍကိုလည်း စဉ်းစားပေးရမည်ဟု  လယ်ယာ စီးပွားရေး ပညာရှင်တဦးက ဆိုသည်။

“တောင်သူတွေကိုလည်း ပညာပေးဖို့၊ မျိုးကောင်း မျိုးသန့်တွေ ပံ့ပိုးဖို့၊ မျိုးသန့် မျိုးကောင်းတွေ စိုက်ချင်လာအောင် စည်းရုံးဖို့ လိုတယ်” ဟု လယ်ယာ စီးပွား ပညာရှင်က ဆိုသည်။

ဒေါက်တာ ပွင့်ဆန်းကမူ ပဲအထူးပြုကုမ္ပဏီ ၂၁ ခု ရှိကြောင်း၊ ထိုကုမ္ပဏီများက တောင်သူများကို စိုက်ပျိုးစရိတ် ထုတ်ချေးခဲ့ကြောင်း ပြောသည်။

ချေးငွေ ပမာဏမှာ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ၆.၆၄ ဘီလီယံ၊ ယခု ဘဏ္ဍာရေးနှစ် မကုန်မီ အချိန်အထိ  ၁ ဘီလီယံ နီးပါး ရှိသည်ဟု ဆိုသည်။

မြန်မာနိုင်ငံ၏ ပဲမျိုးစုံ တင်ပို့မှု နှင့် နိုင်ငံခြားငွေ ရရှိမှု
(စီးပွား/ကူးသန်း၏  ထုတ်ပြန်ချက်)

ဘဏ္ဍာရေးနှစ် တန်ချိန် ရငွေ
၂၀၀၈-၂၀၀၉ ၁.၅ သန်း ဒေါ်လာ ၇၄၇ သန်း
၂၀၀၉-၂၀၁၀ ၁.၈ သန်း ဒေါ်လာ ၉၇၃ သန်း
၂၀၁၀-၂၀၁၁ ဝ.၉၅ သန်း ဒေါ်လာ ၉၈၃ သန်း
Did you find apk for android? You can find new Free Android Games and apps.
Loading