အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်အား ၎င်း၏ ခရီးစဉ်အတွင်း နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး အပါအဝင် တိုင်းရင်းသားဒေသများရှိ စစ်ပွဲများနှင့်လူ့အခွင့်အရေးချိုးဖောက်မှုများ အဆုံးသတ်စေရေးအတွက် ကူညီရန် မြန်မာ့ အရေး တက်ကြွလှုပ်ရှားသူများက တိုက်တွန်း ပြောဆိုလိုက်ကြသည်။
တက်ကြွလှုပ်ရှားသူ ၅၀၀ ခန့် က ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် လာမည့်ခရီးစဉ်ကို ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်း သား လွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးစသည်တို့ပါဝင်သည့် အကြံပြုစာတစောင်ကို ရန်ကုန်မြို့ အမေရိကန် သံရုံးမှ တဆင့် မစ္စ ကလင်တန်အား ပေးပို့ရန်လည်း စီစဉ်နေသည်။
“ကျနော်တို့က စုပေါင်းလက်မှတ်ထိုးပြီး အချက် ၄ ချက်ပါတဲ့ ကျနော်တို့ရဲ့ သဘောထားတွေကို အမေရိကန်သံရုံး က တဆင့် ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ဆီကို ပေးပို့ဖို့ အစီအစဉ်တရပ်ကို လုပ်နေပါတယ်”ဟု ဦးဆောင်လှုပ်ရှားသူတဦးဖြစ်သည့် ရန်ကုန်မြို့နေ ကိုဇော်ရဲဝင်းက ဧရာဝတီကို ပြောသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီဖော်ဆောင်ရေး ကာလတွင် မိတ်ဆွေကောင်း နိုင်ငံများ လိုအပ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရန်နှင့် ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲပြီး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေးကို လက်တွေ့ အကောင် အထည် ဖော်ရန်၊ မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု ပပျောက်ရေးလုပ်ငန်းစဉ်များအတွက် ပညာရေးနှင့် ကျန်းမာရေး ကဏ္ဍများတွင် အကူအညီများလိုအပ်နေဆဲဖြစ်၍ အမေရိကန် အစိုးရ အနေဖြင့် နည်းပညာ အပြင် အခြားသော အကူအညီများပေးရန် အကြံပြုစာတွင် ပါဝင်ကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့(HRW) မှ သုတေသနမှူး ဒေးဗစ် စကော့ မက္ကသီဆန် ကမူ မစ္စ ကလင်တန် အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံ ဓာတ်ပုံရိုက်ရုံမျှဖြင့် မလုံလောက်ကြောင်း၊ တိုင်းရင်းသားဒေသများတွင် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် ပတ်သက်၍ အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်နေမှုကိုပြောသင့်ကြောင်း ပြောဆိုသည်။
“ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေသော်လည်းပဲ လူ့အခွင့်အရေးအခြေအနေတွေ တိုးတက်အောင် အစိုးရကမလုပ်သေးဘူး၊တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဟန်ပြစကားပြောဆိုမှုတွေပဲ ရှိတယ်။ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက် မှုတွေ ဆက်ရှိနေဆဲပဲ။ ဘာမှ တိုးတက်လာတာ မရှိဘူး”ဟု သူက ဆက်ပြောသည်။
မြန်မာ့အရေး စင်ပြိုင်အာဆီယံအဖွဲ့မှညှိနှိုင်းရေးမှူး မစ္စ ဒက်ဘီ စတူးဟတ်ဒ် ကလည်း နိုင်ငံရေးအကျဉ်းသားများ ပြန်မလွှတ် သေးသည့်ကိစ္စနှင့် ကချင်နှင့် ရှမ်းဒေသများတွင် စစ်ပွဲများ အရှိန်မြင့်နေမှုများကိုအပြည့်အ၀ သတိထားသင့်ကြောင်း၊ လူ့အခွင့် အရေး ဆိုင်ရာ အခြေခံပြဌာန်းချက်များ အရေးတကြီးလိုအပ်နေဆဲဖြစ်ကြောင်းလည်း ပြောဆိုလိုက်သည်။
ထို့အပြင် မစ္စ ဟီလာရီ ကလင်တန်၏ မြန်မာခရီးစဉ်နှင့်ပတ်သက်၍ ဝါရင့်နိုင်ငံရေးသမားကြီးများကလည်း မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦး အစရှိသည့် ထင်ရှားသောနိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် အစိုးရကို တိုက်တွန်းပြောကြား ရန် လိုအပ်ကြောင်း ပြောဆိုကြသည်။
“ဗမာပြည် ဒီမိုကရေစီလမ်းကြောင်းပေါ် တည့်တည့်မတ်မတ် လျှောက်အောင် သူတို့အနေနဲ့ ပူးပေါင်းပြီးတော့ တိုက်တွန်းနှိုးဆော်သွားစေချင်ပါတယ်”ဟု ဝါရင့်နိုင်ငံရေးသမား သံတမန်ဟောင်း သခင်ချန်ထွန်း က ဧရာဝတီကို ပြောသည်။
နိုင်ငံရေးအကျဉ်းသားလွှတ်ပေးခြင်းအပါအဝင် လိုအပ်သည့် ပြုပြင်ပြောင်းလဲရေးကိစ္စရပ်များ အစိုးရဘက်က လုပ်ဆောင်မှုကို အမေရိကန်က လေ့လာအကဲခတ်ပြီး ၎င်းတို့၏ ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ရုပ်သိမ်းသွားမည်ဟု ထင်မြင်ကြောင်း ၎င်းက ဆက်ပြောသည်။
အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ) အထွေထွေအတွင်းရေးမှူး မတင်တင်ညိုကလည်း အစိုးရစစ်တပ်၏ တိုင်းရင်းသား ဒေ သများရှိ တိုင်းရင်းသူ အမျိုးသမီးများ အပေါ် မုဒိန်းကျင့်မှု၊ ညှဉ်းပန်းသတ်ဖြတ်မှု စသည့် လူ့ အခွင့်အရေး ချိုးဖောက်မှုများနှင့် လူသား မျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့်ပတ်သက်၍ အလေးအနက်သိရှိရန် လိုအပ်ကြောင်းနှင့် မစ္စ ကလင်တန် အနေဖြင့် ခရီးစဉ်အတွင်းနှင့် ခရီးစဉ်ပြင်ပတို့ တွင် သက်ဆိုင်ရာ တိုင်းရင်းသား အမျိုးသမီးကိုယ်စားလှယ်များနှင့် တွေ့ဆုံ သင့် ကြောင်း အကြံပြုစာကို ပေးပို့ထားသည်ဟု ဆိုသည်။
အလားတူ တိုင်းရင်းသား မဟာမိတ်အဖွဲ့(UNA) ကလည်း အိတ်ဖွင့်ပေးစာတစ်စောင် ဝန်ကြီး မစ္စ ကလင်တန်အား ပေးရန် စီစဉ်နေကြောင်းလည်း UNA အဖွဲ့ဝင် ဇိုမီးအမျိုးသား ကွန်ဂရက်မှ ဦးကျင့်ရှင်းထန်က ပြောသည်။
မစ္စ ဟီလာရီ ကလင်တန် လာရောက်မည့်ခရီးစဉ်အား မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း ကြို ဆိုကြောင်း ထုတ်ပြန်ချက်ကို ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။
နိုင်ငံတကာ အသိုက်အဝန်း၏ ထောက်ခံအား ပေးကူညီမှု တို့သည် မြန်မာနိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်မှု လုပ်ငန်းစဉ်ကို ပံ့ပိုးရာ ရောက်သဖြင့် ကြိုဆိုရခြင်းဖြစ်ကြောင်း၊ နှစ် ၅၀ အတွင်း ယခုကဲ့သို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာ နိုင်ငံသို့ လာရောက်ခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မြင့်မားစေရန် လမ်းစဖော်နိုင်ကြောင်း၊ မြန်မာနိုင်ငံ၌ ဒီမိုကရေစီလူ့ အဖွဲ့အစည်း တရပ်တည်ထောင်ရေး အတွက် အပြုသဘောဆောင်သော အခြေအနေများဖြစ်ပေါ်စေမည်ဟု မျှော်လင့်ကြောင်း လည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
မစ္စ ဟီလာရီ ကလင်တန်၏ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၂ ရက်အထိ ခရီးစဉ်အတွင်း ရန်ကုန်နှင့် နေပြည်တော်မြို့များသို့ သွားရောက်မည်ဖြစ်သည်။
ပြည်တွင်း အခြေဆိုက် လူထုအခြေပြု အဖွဲ့အစည်းများနှင့်လည်း ကျယ်ကျယ်ပြန့်ပြန့် တွေ့ဆုံရန်ရှိပြီး နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်၊ အောက်လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်း စသဖြင့် အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန်ရှိသည်။
ဒီဇင်ဘာ၂ ရက်နေ့တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ ဆုံရန်ရှိကြောင်း သိရသည်။