ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအောင်နိုင်ရေး ကော်မတီကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ယနေ့ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အောင်နိုင်ရေးကော်မတီတွင် ယခင် ဗဟိုအလုပ်အမှုဆောင် ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ ဦသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးအုန်းကြိုင်၊ ဦးဉာဏ်ဝင်း၊ ဦးဝင်းမြင့်၊ ဦးဟံသာမြင့်၊ ဒေါက်တာ ဒေါ်မေဝင်းမြင့်တို့နှင့် ဖွဲ့စည်းခြင်းဖြစ် ပြီး၊ ဥက္ကဋ္ဌ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးလွန်းတင်တို့မှာမူ အသက်အရွယ်ကြီးရင့်ပြီး ကျန်းမာရေးအခြေအနေအရ ပါဝင်ခြင်းမရှိဟု ပါတီ ပြောခွင့်ရ ဦးအုန်းကြိုင်က ပြောသည်။
“တကယ်အလုပ်လုပ်ကြရတော့မယ်။ ဒါကြောင့်တိုင်းတွေ၊ မြို့နယ်တွေမှာလည်း အောင်နိုင်ရေးကော်မတီ အကုန်ဖွဲ့မယ်” ဟု ၎င်းကဆိုသည်။
မကြာမီ ပြည်နယ်နှင့်တိုင်းများ၊ မြို့နယ်၊ ရပ်ကွက်ကျေးရွာများတွင်လည်း ဆက်လက်ပြီး ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မ တီများကို ဖွဲ့စည်းသွားမည်ဟု ဦးအုန်းကြိုင်ကပြောသည်။
NLD ပါတီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၈ ရက်နေ့က ပါတီဝင်အများစု ဆန္ဒအရ ပြန်လည်မှတ်ပုံတင်ပြီး လာမည့် ကြားဖြတ် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်များက ဆုံးဖြတ်ခဲ့ကြကာ ပါတီဦးဆောင် ၂၁ ဦး ပါဝင်သည့်စာရင်းကို ေနေပြည်တော် ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့သည်။
ရွေးကောက်ပွဲ ကော်မရှင်က NLD ကို ပါတီအဖြစ် တရားဝင် အသိအမှတ်ပြုပြီးလျှင် ပါတီဝင်လျှောက်လွှာများ စတင်လက်ခံမည်ဟု သိရသည်။
ပြီးခဲ့သည့် သောကြာနေ့ကလည်း အောင်နိုင်ရေး တေးသီချင်းများ စပ်ဆိုရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂီတအနုပညာရှင် ၅၀ ကျော်တို့ တွေ့ဆုံခဲ့သေးသည်။
ထို့အပြင် လာမည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် ရုပ်ရှင်အနုပညာရှင်များနှင့်လည်း တွေ့ဆုံရန်ရှိသေးသည်ဟု သိရသည်။
NLD ပါတီအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ရန် ပြင်ဆင်မှုများပြုလုပ်နေသော်လည်း အစိုးရ၏ ရွေးကောက်ပွဲ ကော်မရှင်ကမူ မည်သည့်နေ့ရက်တွင် ကျင်းပပေးမည်ဆို သည်ကို ကြေညာခြင်း မရှိသေးပေ။
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းကမူ ပြီးခဲ့သည့် သောကြာနေ့က မီဒီယာများနှင့် တွေ့ဆုံရာတွင် ကြားဖြတ်ရွေးကောက်ပွဲ ကို လာမည့်သုံးလအတွင်း ပြုလုပ်ဖွယ်မရှိသေးကြောင်း ပြောဆိုသည်ဟု ပြည်တွင်းထုတ် Weekly Eleven အင်တာနက် သတင်း စာမျက်နှာတွင် ဖော်ပြထားသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည်ဆိုလျှင် ပြည်သူ လွှတ်တော် ဥက္ကဋ္ဌ တဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုကြောင်းလည်း သူရဦးရွှေမန်းက ဆက်လက်ပြောသည်ဟု ရေးသားထားသည်။