မြန်မာ အစိုးရနှင့် တွေ့ဆုံရာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် အနေနှင့် ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာကိုလည်း အဓိကထည့်သွင်းဆွေးနွေးရန် အမေရိကန်နိုင်ငံမှ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် ကော်မရှင် (USCIRF) က တိုက်တွန်း လိုက်သည်။
မြန်မာပြည်တွင်းရှိ တိုင်းရင်းသား လူနည်းစုများအပေါ် ဘာသာရေးအရ ဖိနှိပ်မှုများ အဆုံးသတ်၍ ဘာသာရေးလွတ်လပ်ခွင့်နှင့် လူ့အခွင့်အရေးဆိုင်ရာများ တိုးတက်လာစေရေးနှင့်ပတ်သက်ပြီး မစ္စ ဟီလာရီ ထံသို့ USCIRF က တနလာၤနေ့တွင် စာတစောင်ပေးပို့၍ တိုက်တွန်းထားခြင်းဖြစ်သည်။
USCIRF သည် အမေရိကန် အစိုးရက ဖွဲ့စည်းထားသည့် ဘာသာရေး လွတ်လပ်ခွင့် ဆိုင်ရာ အဖွဲ့ဖြစ်သည်။
USCIRFဥက္ကဌ လီယိုနာ့ဒ် လီယိုက“မြန်မာပြည်မှာ စိုးရိမ်ဖွယ်ရာလူ့အခွင့်အရေးချိုးဖောက်မှုတွေ နေ့စဉ်လိုရှိနေတဲ့အတွက် မကြာ သေးခင်က အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုခြေလှမ်းတွေဟာ အလွယ်တကူ နောက်ပြန်လှည့်သွားနိုင်ပါတယ်”ဟု မစ္စ ဟီလာရီ သို့ ပေးသည့်စာတွင် ပြောဆိုထားသည်။
ဘာသာရေး လွတ်လပ်ခွင့် တိုးတက်ရေးနှင့်ပတ်သက်ပြီး မြန်မာအစိုးရသည် နှစ်များစွာကပင် ဆောင် ရွက်ခြင်းမရှိခဲ့ကြောင်း၊ ၁၉၉၉ ခုနှစ်က စတင်၍ ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုများ ဆိုးရွားလာပြီး စိုးရိမ်ဖွယ်ရာအခြေအနေသို့ ရောက်ရှိလာခဲ့ကြောင်း လည်း USCIRF က ဆိုသည်။
အစိုးရ စစ်တပ်က ကချင်ပြည်နယ်အတွင်းရှိ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများကို အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်ရှိနေပြီး အလားတူ ကရင်၊ ကရင်နီ နှင့် နာဂ တိုင်းရင်းသားများသည်လည်း ကြုံတွေ့ရသည်ဟု USCIRF ၏ စာတွင် ဖော်ပြထားသည်။
ထို့အပြင် ရိုဟင်ဂျာများ၏ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ခွဲခြားတင်းကျပ်မှုများ ပြုလုပ်ကြောင်း၊ ၎င်းတို့သည် ဘင်္ဂလား ဒေ့ရှ် နှင့် အရှေ့တောင်အာရှ နိုင်ငံများအတွင်း ဒုက္ခသည်များအဖြစ် တနေရာမှ အခြားတနေရာသို့ ရွှေ့ပြောင်းနေရသည့် ပြဿနာ များနှင့် ရင်ဆိုင်နေကြရကြောင်းလည်း USCIRF က ထည့်သွင်းပြောဆိုထားသည်။
USCIRF ၏ စာတွင်“အရှင် ဂမ္ဘီရ နှင့် ရာချီရှိသည့် ဗုဒ္ဓဘာသာ သံဃာများကို နှစ်ရှည် ထောင်ဒဏ်ချမှတ်ထားမှုများ အပါအဝင် စိုး ရိမ်ဖွယ်ရာ ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်ခံနေရမှုများနှင့်ပတ်သက်ပြီး ဗုဒ္ဓဘာသာ၊ ခရစ်ယာန် နှင့် မွတ်စလင် အသိုင်းအဝိုင်း များ၏ ကိုယ်စား မစ္စ ဟီလာရီက မြန်မာအစိုးရနှင့် ဆွေးနွေးရန်လည်း ထပ်လောင်း တိုက်တွန်းလိုက်သည်”ဟု ရေးထားသည်။
အရှင် ဂမ္ဘီရသည် ၂၀၀၇ ခုနှစ် စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်လှုပ်ရှားခဲ့သည့် အတွက် အာဏာပိုင်များက ဖမ်းဆီး၍ ထောင်ဒဏ် ၆၃ နှစ်ချမှတ်ခံထားရသည်။ ၎င်းအား စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင်ထားရှိရာမှ မကြာသေး ခင် က ဧရာဝတီတိုင်း မြောင်းမြ ထောင်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အကျဉ်းထောင်များအတွင်း၌ နိုင်ငံရေး အကျဉ်းသား ၁၆၆၈ ဦး အကျဉ်းကျခံနေရပြီး သံဃာတော် အပါး ၂၀၀ ကျော် ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ စာရင်းတွင် ဖော်ပြထားသည်။
USCIRF ၏ စာထဲ၌ နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲ ရေး ပြုလုပ်ရန်အတွက် မြန်မာအစိုးရကို မစ္စ ဟီလာရီ အနေနှင့် ဆက်လက် ဖိအားပေးမည်ဟု မျှော်လင့်ကြောင်းလည်း ပါရှိသည်။
မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ သွားရောက်မည်ဖြစ်ပြီး မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည် အပါအဝင် အစိုးရအဖွဲ့ဝင်များ၊ လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။