မြန်မာ အစိုးရသစ်တက်ပြီးနောက် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ရာတွင် ရာဇဝတ်အကျဉ်းသား ဦးရေ များပြားသည့် အတွက် ရန်ကုန်မြို့တွင်း မြို့နယ်၊ ရပ်ကွက် တချို့တွင် ရာဇဝတ်မှုများ ပိုမိုဖြစ်ပေါ်နေကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
“ဒါကတော့ ခြွင်းချက်အနေနဲ့ ဖြစ်နိုင်ပါတယ်။ ထောင်ကထွက်လာရင် အပြင်မှာသူတို့အတွက် အလုပ်က မရှိရင် စားဝတ် နေရေးအတွက် အရင်လိုပဲ ခါးပိုက်နှှိုက်တာ၊ ခိုးတာ၊ လုယက်တာတွေ ကျူးလွန်လေ့ရှိတတ်ပါတယ်” ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြောသည်။
သမ္မတဦးသိန်းစိန်၏ အမိန့်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ရာတွင် အကျဉ်းသား စုစုပေါင်း ၂၀၀၀၀ ခန့် လွှတ်ပေးခဲ့ သော်လည်း နိုင်ငံရေး အကျဉ်းသား ရာဂဏန်းသာ ပါဝင်သည်။
ပြန်လည်လွတ်မြောက်လာသူ များထဲ၌ အများစုသည် ရာဇဝတ်မှု ကျူးလွန်ခြင်းကြောင့် ထောင်ဒဏ် ကျခံရသူများဖြစ်ပြီး အလုပ်အကိုင်ရှားပါးခြင်း၊ ဘဝရပ်တည်ရေး ခက်ခဲခြင်းတို့ကြောင့် ရာဇဝတ်မှုများ ထပ်မံကျူးလွန်ခြင်း ဖြစ်နိုင်ကြောင်း ရန်ကုန်မြို့ခံ တချို့က သုံးသပ် ပြောဆိုနေသည်။
ထောင်မှ ပြန်လည်လွှတ်မြောက်လာသော ရာဇဝတ်သားများအနေဖြင့် နောက်ထပ်တကြိမ် ရာဇဝတ်မှု မကျူးလွန်နိုင်ရေး၊ အ လုပ်အကိုင် အခွင့်အလမ်းများ ရှာဖွေပေးနိုင်မည့် နည်းလမ်းများရှာဖွေရေး စသည့်အချက်များပါဝင်သော အကျဉ်းထောင် ဥပဒေပြင်ဆင်ရေး အဆိုတခုအား လွှတ်တော်၌ တင်သွင်းခဲ့သော်လည်း အောင်မြင်မှု မရခဲ့ကြောင်း ဦးသိန်းညွန့်က ရှင်းပြသည်။
ရာဇဝတ်မှု ကျူးလွန်သူများသည် အုပ်စုဖွဲ့၍ လူသတ်မှုကျူးလွန်ခြင်း၊ လုယက်ခြင်း၊ ခိုးမှုကျူးလွန်ခြင်း စသည့်ကိစ္စရပ် များကို ကျူးလွန်နေခြင်းကြောင့် ရန်ကုန်ဒေသခံများ စိုးရိမ်နေကြကြောင်း သိရသည်။
မြောက်ဥက္ကလာပ မြို့နယ်၏ 6-Stars စားသောက်ဆိုင်ထဲရှိ ကိုကျော်မင်း ဆိုသူအား မျက်နှာဖုံး ကိုယ်စီစွပ်ထားသည့် လူ ၁၀ ဦးခန့်က ဓားဖြင့်ခုတ်သတ်မှု တခု နိုဝင်ဘာလ ၁၇ ရက် ညနေက ဖြစ်ပွားခဲ့ပြီး ယခုအခါ တရားခံ ၇ ဦးအား ဖမ်းမိ
ထားကြောင်း ပြည်တွင်း မီဒီယာ တချို့တွင် ရေးသားထားသည်။
“ဗီဒီယို ဇာတ်ကားထဲက လူမိုက်ဂိုဏ်းသားတွေ ရမ်းကားတဲ့ ပုံစံနဲ့အကြမ်းဖက် တိုက်ခိုက်သလိုမျိုးပါ။ လူဆိုးတွေက မျက်နှာဖုံးတွေ စွပ်ထားတော့ ပတ်ဝန်းကျင်ကလည်း ကူညီတာတွေ တားဆီးတာတွေ မလုပ်ရဲကြဘူး” ဟု မြောက်ဥက္ကလာပ ဒေသခံတဦးက ပြောသည်။
ပန်းပဲတန်းမြို့နယ်မှ ကိုသန့်ဇင်လတ် (ခ) ကိုမင်းဇင်အားလည်း ၎င်းနှင့် ရန်ငြိုးရှိသူတဦးက အငှားကားတစီးဖြင့် ဒရွတ်တိုက် ဆွဲခေါ်ကာ သတ်ဖြတ်မှု ယခုလဆန်းပိုင်းက ဖြစ်ပေါ်ခဲ့သေးသည်။
နိုဝင်ဘာလ အတွင်း အင်းစိန်မြို့နယ်၌ အနုကြမ်းစီးမှု၊ လမ်းမတော်မြို့နယ်၌ ဓားပြတိုက်ပြီး အိမ်ရှင်အား သတ်ဖြတ် ခဲ့မှုအပြင် ပုဇွန်တောင် မြို့နယ်တွင်လည်း ရာဇဝတ်မှု တခုဖြစ်ပွားခဲ့ကြောင်း Eleven မီဒီယာ၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြ ထားသည်။
ထိုကဲ့သို့ ရာဇဝတ်မှုများ ဆက်တိုက် ဖြစ်ပေါ်လာရခြင်းသည် ရဲတပ်ဖွဲ့နှင့်သက်ဆိုင်နေရာ မြို့နယ် အာဏာပိုင်များ၏ အုပ်ချုပ်ရေးစနစ် လျော့ရဲမှုကြောင့် ဖြစ်ကြောင်း ရန်ကုန်မြို့ခံ တဦးက ပြောသည်။
“အဓိကကတော့ ရဲတပ်ဖွဲ့တွေရဲ့ အုပ်ချုပ်ရေး ကိစ္စ လျော့နေလို့ပါ။ တချို့အမှုတွေ ဆိုလည်း အမှုပေါ်အောင် မလုပ်ဘူး။ ဒီတော့ ထပ်ဖြစ်တယ်။ ဥပမာ- ၅ လောင်းပြိုင် လူသတ်မှု ဆိုရင် အခုထိမပေါ်သေးဘူး။ ဒါပေမယ့် အဲဒီတုန်းက ရဲချုပ်က အခု ဝန်ကြီးတောင် ဖြစ်နေတယ်” ဟု ရန်ကုန်မှ ရှေ့နေ ဦးအောင်သိန်းက ဆိုသည်။
ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းတွင် ၅ လောင်းပြိုင် လူသတ်မှုတခု ၂၀၀၈ ခုနှစ် မတ်လက ဖြစ်ပေါ်ခဲ့သော်လည်း လူသတ်တရားခံအား ယနေ့အထိ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
ရာဇဝတ်မှုများသည် ရန်ကုန်မြို့အပါအဝင် တနိုင်ငံလုံး နီးပါး ဖြစ်ပေါ်နေခြင်းကြောင့် ဘက်မလိုက်သော စုံစမ်းဖော်ထုတ်ရေး ကော်မရှင် တရပ် ဖွဲ့စည်းနိုင်ရေး ကိစ္စကို တာဝန်ရှိသူများက စဉ်းစားသင့်ကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ဆိုသည်။
ရန်ကုန်မြို့၏ မြို့နယ်၊ ရပ်ကွက် အများစုတွင် လုံခြုံရေး ဆောင်ရွက်ထားမှု အားနည်းနေခြင်းကြောင့် နေအိမ်များ လုံခြုံရေး စိုးရိမ်နေကြရကြောင်း၊ ရပ်ကွက်၊ လမ်း လုံခြုံရေးအတွက် မီးကင်းကြေးကို အာဏာပိုင်များက ပုံမှန်ကောက်ခံသည့်တိုင် လုံခြုံရေး ကိစ္စကို တာဝန်ယူမှု အားနည်းကြောင်း ရန်ကုန်မြို့တချို့က ပြောသည်။
မှုခင်းကျဆင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြိုတင်တားဆီးရေး လုပ်ငန်းသည် အရေးကြီးပြီး ပြည်သူများ၏ ပါဝင် ပူးပေါင်းမှု ရှိမှသာ မြို့ပြ၏ လုံခြုံရေး ကို ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲအရာရှိတဦး ကပြော ဆိုသည်ကို Eleven မီဒီယာ အင်တာနက် စာမျက်နှာ၌ ရေးသားထားသည်။
ရာဇဝတ်မှုများနှင့် ပတ်သက်၍ အမှုလိုက်ရဲအရာရှိများ၊ ဥပဒေ ဝန်ထမ်းများနှင့် တရားသူကြီး တချို့၏ လာဘ်ပေး၊ လာဘ်ယူမှု များကြောင့် ပြစ်မှုထပ်မံကျူးလွန်ခြင်းများ ရှိတတ်ကြောင်း ရန်ကုန်မြို့ခံ ရှေ့နေတချို့က ပြောသည်။
“အဲဒီလို ပုဂ္ဂိုလ်တွေနဲ့ ပေါင်းပြီးတော့ များများလိမ်တာတွေ၊ တိမ်းရှောင်တာတွေ၊ ပြစ်ဒဏ်ပေါ့လျော့အောင် လုပ်တာတွေ ရှိတာ
ကြောင့် ပြစ်မှုတွေ ထပ်ကျူးလွန်တာ မျိုးတွေ တွေ့ရတယ်။ များများလိမ်ပြီး တရားရုံးမှာ ပြန်သုံးမယ် ဆိုတာမျိုးပေါ့” ဟု ရှေ့နေ
တဦးလည်းဖြစ်သည့် ဦးသိန်းညွန့်က ဆိုသည်။
ရှေ့နေ ဦးအောင်သိန်းကလည်း လက်ရှိ အခြေအနေပေါ်မူတည်၍ တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး ယန္တယား ကိစ္စများကို ဥပဒေနှင့်အညီ မလုပ်ဆောင် နိုင်သေးပါက လူသတ်မှုများ၊ ရာဇဝတ်မှု များသည် နည်းလမ်းစုံဖြင့် ပေါ်ပေါက်နေဦးမည်သာ ဖြစ်ကြောင်း ပြောသည်။