ရှမ်းပြည်နယ် မြောက်ပိုင်း ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် ရေကာတာစီမံကိန်း အမှတ်(၂)နှင့်(၃) ၂ ခုကြောင့် ရွာပေါင်း ၂၅ ရွာရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် ရေလွှမ်းမိုးမှုအပါအဝင် အခက်အခဲများနှင့် ကြုံတွေ့ရဖွယ်ရှိကြောင်း သိရသည်။
ရေကာတာ စီမံကိန်းဝန်းကျင်ရှိ ရေလွှမ်းမိုးနိုင်ဖွယ်ရှိသော ကျေးရွာ ၅ ရွာကိုလည်း အဓမ္မပြောင်းရွှေ့ခိုင်းထားသည်ဟု ပလောင် ကျောင်းသားလူငယ်များ အစည်းအရုံး(TSYO)က ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့တနေရာ၌ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခြင်း ဖြစ်သည်။
“အဲဒီဒေသမှာရှိတဲ့ ရွာပေါင်း ၅ ရွာနဲ့ သူတို့လယ်မြေတွေဖြစ်တဲ့ လက်ဖက်ခြံနဲ့ စိုက်ပျိုးရေး ခြံတွေ ဧက ထောင်ပေါင်းများစွာ ရေ နစ်မြုပ်သွားနိုင်ပါတယ်”ဟု TSYO အဖွဲ့မှ မိုင်းအောင်ကိုက ပြောသည်။
ရွှေလီရေကာတာ အမှတ် ၃ တည်ဆောက်မည့်ဒေသအတွင်းရှိ မိုးလို၊ နားရုံး၊ နားယား၊ မိုးခပ်၊ နားဆော့ စသည့် ကျေးရွာဒေသ ခံများကိုလည်း လာမည့် ၂၀၁၃ ခုနှစ်တွင် ပြောင်းရွှေ့ပေးရန် မိုးမိတ်မြို့နယ် အာဏာပိုင်များက အမိန့်ပေးထားကြောင်း ၎င်းက ဆိုသည်။
မိုင်းအောင်ကိုက“မြန်မာ အစိုးရဟာ ရှေ့တမျိုးနောက်တမျိုးနဲ့ မျက်နှာနှစ်ခုလုပ်ပြီး ဧရာဝတီမြစ်လက်တက်တွေကို တရုတ် ဆီ ရောင်းရင်း ဧရာဝတီမြစ်ကြီးကို ကာကွယ်စောင့်ရှောက်မယ့် ဟန်ပြနေတယ်”ဟု ပြောသည်။
ရွှေလီမြစ်ပေါ်တွင် တည်ဆောက်နေသည့် လျှပ်စစ် ဓာတ်အား မဂ္ဂါဝပ် ၅၂၀ ထုတ်လုပ် ပေးနိုင်သော ရွှေလီ အမှတ် ၂ ရေကာတာ စီမံကိန်းကို တရုတ်အစိုးရက တည်ဆောက်၊ လည်ပတ်၊ လွှဲပြောင်း(BOT) စနစ်ဖြင့် ပြုလုပ်ရန် သဘောတူ လက်မှတ် ရေး ထိုးထားကြောင်း TSYO ၏ ယနေ့ ထုတ်ပြန်သည့် “ထိန်းချုပ်မှုအောက်က မြစ်ရွှေလီ” အစီရင်ခံစာတွင် ဖော်ပြထားသည်။
မဂ္ဂါဝပ် ၁၀၅၀ ထုတ်လုပ်ပေးမည့် အမှတ် ၃ ရေကာတာကိုမူ ဆွစ်ဇာလန်နိုင်ငံမှ ကိုလန်ကို စွမ်းအင် အင်ဂျင်နီယာ ကုမ္ပ္မဏီက မြန်မာနိုင်ငံ အမှတ် (၁) လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနှင့် ၂၀၁၀ ပြည့်နှစ် ဖေဖော်ဝါရီလက နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
ရေကာတာကို အကြောင်းပြကာ အစိုးရတပ် စစ်သားများ ရောက်ရှိလာပြီး ဒေသခံ ပြည်သူများ၏ လယ်မြေများ သိမ်းပိုက်ခြင်း၊ မြစ် အတွင်း၌ ငါးဖမ်းမှု ကန့်သတ်ခြင်းများကြောင့် စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း မိုင်းအောင်ကိုက ပြော သည်။
“နိုင်ငံခြားကနေ လာပြီး ရေကာတာ ဆောက်လုပ်သူတွေဟာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ စစ်မီးကို အလေးထားဂရုပြုပြီး ရင်းနှီး မြုပ်နှံမှုတွေကို ချက်ချင်း ပြန်ရုပ်သိမ်းသင့်ပါတယ်”ဟု ၎င်းက ဆိုသည်။
စီမံကိန်း အမှတ် (၂) နှင့် (၃) တို့မှာ မိုးမိတ်မြို့အနီးတွင် တည်ရှိပြီး ယင်း စီမံကိန်းမှ ရရှိမည့် လျှပ်စစ် ဓာတ်အားများကို မြန်မာ နိုင်ငံဘက်သို့ ဖြန့်ဖြူးပေးခြင်း မရှိဘဲ တရုတ်နိုင်ငံ ဘက်သို့ ဖြန့်ဖြူးပေးရန်ရှိသည်ဟု မိုင်းအောင်ကိုက ပြောသည်။
၂၀၁၁ ခုနှစ်မတ်လကလည်း ရေအားလျှပ်စစ် စီမံကိန်းများကြောင့် ကယားပြည်နယ် အတွင်းရှိ ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံ ၃၇၀၀၀ ခန့် ရွှေ့ပြောင်းရမည်ဖြစ်ပြီး ယင်းတလဲ လူမျိုးများ ပျောက်ဆုံးရမည့် အရေးနှင့် ရင်ဆိုင်နေရကြောင်း KDRG အဖွဲ့က ထုတ်ပြန် ခဲ့ဖူးသည်။
လက်ရှိ အချိန်အထိ ကချင် ၊ ရှမ်း၊ ကယားပြည်နယ် နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံကိန်း၂၁ ခုရှိကြောင်း သိရသည်။