အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်၏ ခရီးစဉ်ကို မြန်မာ့စီးပွားရေးလုပ်ငန်းရှင်ကြီးများက ကြိုဆိုသော်လည်း စီးပွားရေး ရင်းနှီးမြှုပ်နှံများ ဝင်ရောက်လာရန်မှာ လက်တွေ့အားဖြင့် ဖြစ်နိုင်ချေ မရှိသေးကြောင်း ပြောဆိုမှုများ ရှိသည်။
ရန်ကုန်စီးပွားရေး အသိုင်းအဝန်းတွင် မစ္စ ကလင်တန်နှင့်အတူ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်များ လိုက်ပါလာကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာတော့မည် ဖြစ်ကြောင်း ပြောဆိုသည့် သတင်းများ ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံ ဆန်လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်က “အများကြီးတော့ မျှော်လင့်မထားဘူး။ ပိတ်ဆို့အရေးယူမှုတွေ ရုပ်သိမ်းမှပဲ အားလုံး အလုပ်လုပ်လို့ ရမယ်” ဟု ဆိုသည်။

အမေရိကန် နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအပေါ်ထားရှိသည့် စီးပွားရေးပိတ်ဆို့မှုကို ရုပ်သိမ်းမည်ဆိုလျှင် မြန်မာနိုင်ငံနှင့် ပြည်သူများ အတွက် အကျိုးရှိမည်ဟု မျှော်လင့်ကြောင်း၊ သို့သော်လည်း အမေရိကန် အစိုးရအနေဖြင့် စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရေး အတွက် အချိန်ယူလုပ်ဆောင်လိမ့်မည်ဟု ထင်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် လာမည့် ၂၀၁၂ ခုနှစ်၌ ပြုလုပ်မည့် အမေရိကန်ရွေးကောက်ပွဲ အခြေအနေကိုလည်း စောင့်ကြည့်ရမည်ဟု ဦးချစ်ခိုင်က ဆိုသည်။
Eleven Media Group ၏ facebook စာမျက်နှာတွင် အမေရိကန် လုပ်ငန်းရှင်များက မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် အတွက် ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး ယာယီတာဝန်ခံမှတဆင့် ကမ်းလှမ်းမှုများ ပြုလုပ်နေသည်ဟု ဖော်ပြထားသည်။
မစ္စ ကလင်တန်၏ ယခုခရီးစဉ်တွင် မြန်မာနိုင်ငံရှိ လူမှုအဖွဲ့အစည်းများနှင့် တွေဆုံမည်ဟု သိရသော်လည်း မြန်မာနိုင်ငံ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်း (UMFCCI) မှ တာဝန်ရှိသူများနှင့်မူ တွေ့ဆုံရန် ပြောကြားထားခြင်းမရှိကြောင်း သိရသည်။
အမည်မဖော်လိုသည့် စီးပွားရေးလုပ်ငန်းရှင် တဦးကလည်း “အမေရိကန်အနေနဲ့ စီးပွားရေးပိတ်ဆို့မှုကို ဒေါ်အောင်ဆန်းစုကြည်က ရုပ်ပါလို့ ပြောရင်တောင်မှ ပြန်ရုပ်ဖို့ မလွယ်သေးဘူး။ ဒီဥပဒေက အမေရိကန် အထက်လွှတ်တော်၊ အောက်လွှတ်တော်တွေက ပြဌာန်းထားတာ” ဟု ဆိုသည်။
စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် မြန်မာအစိုးရ အပေါ်တွင်လည်း မူတည်ကြောင်း၊ လက်ရှိအခြေအနေတွင် တိုင်းရင်းသားဒေသ များ၌ အစိုးရစစ်တပ်မှ ထိုးစစ်ဆင်မှုများကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေပြီး နိုင်ငံတကာမှ တောင်းဆိုထားသည့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိလွှတ်ပေးရေးကိုလည်း အစိုးရက ဆောင်ရွက်ခြင်း မရှိသေးကြောင်း၊ ထိုကြောင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးမှာ မလွယ်ကူကြောင်း ၎င်းက ထောက်ပြသည်။
လက်ရှိအခြေအနေတွင် မြန်မာအစိုးရအနေဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် စေ့စပ်ဆွေးနွေးရေးများ ပြုလုပ်နေသော် လည်း လက်တွေ့ကျပြီး ခိုင်မာသည့် သဘောတူညီချက် မရရှိသေးပေ။
UMFCCI ဒု ဥက္ကဋ္ဌ ဦးလှမောင်ရွှေက ယခုအစိုးရသစ်လက်ထက် နိုင်ငံတကာ အသိုင်းအဝန်းနှင့် ထိတွေ့ဆက်ဆံမှု ပိုမိုများပြား လာကြောင်း၊ အမေရိကန်အစိုးရ အနေဖြင့်လည်း တဖြည်းဖြည်းချင်း ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းရေးကို လုပ်ဆောင် လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောသည်။
နိုင်ငံရေး လေ့လာသူများကမူ အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှုမှာ ချက်ခြင်းရုပ်သိမ်း၍ မရနိုင်ကြောင်း၊ ထိုကြောင့် စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများ လာရောက်မည်ဟု မထင်ကြောင်း၊ သို့သော် ယခု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ ခရီးစဉ်အပြီးတွွင် လူသားချင်း စာနာထောက်ထားသည့် အကူအညီများ ပေးအပ်ခြင်း ရရှိလာနိုင်ကြောင်း ထင်မြင်ချက်ပေးသည်။
ရန်ကုန်အခြေစိုက် သတင်းသမားများကမူ မြန်မာအစိုးရအနေဖြင့် အမေရိကန်နိုင်ငံ၏ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်း လိမ့်မည်ဟု မျှော်လင့်နေကြောင်း ခန့်မှန်း ပြောဆိုကြသည်။
ယမန်နေ့က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းသည် သတင်းစာရှင်းလင်းပွဲတရပ် ပြုလုပ်ခဲ့ရာ ရန်ကုန်မြို့အား စင်ကာပူနိုင်ငံကဲ့သို့ ခေတ်မီသော အဆောက်အဦ၊ လမ်း၊ တံတားများ ဖြစ်စေရန် အမြန်ဆုံးအကောင်အထည်ဖော် တည်ဆောက်ရန် ဖွံ့ဖြိုးရေး စီမံကိန်းများ ရေးဆွဲနေသည်ဟု သတင်းထောက်များအား ပြောခဲ့ကြောင်း သိရသည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသည် မနက်ဖြန် နိုဝင်ဘာ ၃၀ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိမည်ဖြစ်ပြီး ဟိုတယ်ဇုန်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကာ အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံမည် ဖြစ်သည်။
ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ သွားရောက်ကာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့်လည်ကောင်း၊ တခြားသော နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများနှင့် လည်းကောင်း တွေ့ဆုံမည်ဖြစ်သည်။