အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်ရန် ကြိုးပမ်းနေသည့် မြန်မာအစိုးရက အင်အားကြီး တရုတ်နိုင်ငံနှင့် စစ်ရေးစာချုပ်တခုကို အင်္ဂါနေ့တွင် ချုပ်ဆိုလိုက်သည်။
မြန်မာ-တရုတ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းရေး စာချုပ်ကို တရုတ်နိုင်ငံတွင် ရောက်ရှိနေသော ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် General Chen Bingde တို့က လက် မှတ်ရေး ထိုးခဲ့ကြခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ကမ္ဘာ့နိုင်ငံများ၏ အခြေအနေ မည်သို့ပင် ပြောင်းလဲနေစေကာမူ မြန်မာ-တရုတ် ဆက်ဆံရေး ပြောင်းလဲသွားမည် မဟုတ်ဟု တရုတ်ဦးစီးချုပ်အား ပြောဆိုခဲ့ကြောင်း တရုတ်အစိုးရ ဆင်ဟွာဌာနက ဆိုသည်။
ဗဟို စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌ ဇူချိုင်းဟူကလည်း စာချုပ် ချုပ်ဆိုရခြင်းသည် နှစ်နိုင်ငံ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းစေရန်၊ စစ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် ဖြစ်သည်ဟု ပြောဆိုကြောင်း ဆင်ဟွာသတင်းတွင် ယနေ့ ရေးသားထားသည်။
စစ်ကော်မရှင် ဒု-ဥက္ကဋ္ဌက ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်နှင့် ယမန်နေ့က တွေ့ဆုံရာတွင်လည်း နှစ်နိုင်ငံ စစ်ရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်ရန် အသင့် ရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ရေး စာချုပ် ချုပ်ဆိုချိန်သည် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ချိန်နှင့် တိုက်ဆိုင်နေသည့် အတွက် တရုတ်-မြန်မာ ဆက်ဆံရေးနှင့် ပတ်သက်၍ အမြင် အမျိုးမျိုး ထွက်ပေါ်နေသည်။
မစ္စ ကလင်တန် မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိလာခြင်းသည် အမေရိကန် အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး တဦးအဖြစ် နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်းဖြစ်သည်။
အမေရိကန်-မြန်မာ ဆက်ဆံရေး ကောင်းမွန်လာခြင်းကြောင့် တရုတ်-မြန်မာ ဆက်ဆံရေး ထိခိုက်နိုင်စရာ အကြောင်း မရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုသကဲ့သို့၊ မြန်မာအစိုးရ သတင်းစာများကလည်း တရုတ်-မြန်မာ နှစ်နိုင်ငံ ကိစ္စများအား အကျယ်တဝင့် ရေးသား ဖော်ပြနေသည်ကို တွေ့ရသည်။
မြန်မာအာဏာပိုင်တို့က ၁၉၈၈ လူထုအုံကြွမှုအား အကြမ်းဖက် နှိမ်နင်းခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံ အများအပြားနှင့် ဆက်ဆံရေး ပျက်ခဲ့ရသည်။ ထိုအချိန်မှစတင်၍ မြန်မာ တရုတ် နှစ်နိုင်ငံ စီးပွားရေး၊ စစ်ရေး ကဏ္ဍ များ၌ ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်လာကြသည်။
နှစ်ပေါင်း ၂၀ ကာလအတွင်း တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအတွက် စစ်ဘက်ဆိုင်ရာ ထောက်ပံ့ရေး ပစ္စည်းများကို ဒေါ်လာ ဘီလီယံနှင့်ချီကာ ရောင်းချခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် နိုဝင်ဘာ၂၇ ရက်က တရုတ်နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်အဖြစ် ရောက်ရှိနေခြင်း ဖြစ်သည်။
ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်သစ်တဦး၏ ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဗီယက်နမ်နိင်ငံသို့ ယခုလလယ်ပိုင်းက သွားရောက်ခဲ့ပြီး ကာကွယ်ရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်ရန် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခဲ့သေးသည်။
ဒုတိယကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းသည်လည်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းက သွားရောက်ကာ နှစ်နိုင်ငံ စစ်ရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့ကြောင်း အစိုးရ သတင်းစာများတွင် ရေးသားထားသည်။