HIV/AIDS ဝေဒနာရှင်များ စောင့်ရှောက်သည့် လုပ်ငန်းများကို ယခင်ကထက် လူသိများလာပြီး ၎င်းတို့၏ အကူအညီပေး ရေး လုပ်ငန်းများလည်း ပိုမိုကျယ်ပြန့်လာကြောင်း မဖြူဖြူသင်းက ယနေ့ ပြောကြားသည်။
“ကျမတို့ ကိုယ်ထူကိုယ်ထ စိုက်ထုတ်ပြီး စလုပ်ရင်း လူနည်းနည်းပဲသိတာကနေ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်ပြီး ဂေဟာ ကို လာရောက်အားပေးတာတွေ၊ ဒီအပြင် နိုင်ငံခြားက အဆင့်မြင့်အရာရှိတွေ လာလည်ကြတော့ မီဒီယာတွေမှာ ပါပြီး လူ ပို သိလာတယ်။ လူနာတွေလည်း ပိုများလာသလို၊ လုပ်ငန်းလည်း ပိုကျယ်ပြန့်လာတယ်”ဟု HIV/ AIDS ဝေဒနာရှင်များ ကူညီ စောင့်ရှောက်ရေး ဦးဆောင်လုပ်ကိုင်နေသူ တဦးဖြစ်သည့် မဖြူဖြူသင်းက ဧရာဝတီကို ပြောသည်။

လူငယ်၂၀ ခန့်နှင့်၂၀၀၂ ခုနှစ်က စတင်တည်ထောင်ခဲ့သည့် HIV/AIDS ဝေဒနာရှင်များစောင့်ရှောက်ရေး လုပ်ငန်းသည် ယခု အခါ လူနာ၂၀၀ ကျော်ကို အကူအညီပေးနေပြီး မန္တလေးတိုင်း မိတ္ထီလာမြို့အပါအဝင် မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် အခြားနယ်များ တွင်လည်း တိုးချဲ့သွားနိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနောက်ပိုင်း ပြည်တွင်း ပြည်ပမှ ဝေဒနာရှင်များကိုစောင့်ရှောက်ထားသည့် ဂေဟာနှင့် ပတ်သက်၍ အသိများလာပြီး လှူဒါန်း မှုများလာသော်လည်း ယခုအထိ အလှူရှင်များ၏ ထောက်ပံ့ကူညီမှုများကိုသာ အားထားနေရကြောင်းလည်း မဖြူဖြူသင်း က ဆိုသည်။
ယင်း ဝေဒနာရှင်များ စောင့်ရှောက်ရေး ဂေဟာကို လတ်တလောတွင် တောင်ဒဂုန်မြို့သစ်နှင့် မြောက်ဒဂုန်မြို့သစ်တို့တွင် ဖွင့် လှစ်ထားကြောင်း သိရသည်။
HIV/ AIDS ဝေဒနာရှင်များကို ကူညီသူတဦးဖြစ်သည့် ကိုရာဇာကလည်း အလှူရှင်တချို့မှာ အာဏာပိုင်များ၏ စောင့်ကြည့် မှု ကြောင့် ကူညီပေးရန် စိုးရိမ်မှုရှိကြောင်း၊ အထူးသဖြင့် နိုင်ငံခြားသားများ လာရောက်မှုကို ပို၍စောင့်ကြည့်မှု ခံရကြောင်း၊ အာ ဏာ ပိုင်များ၏ တိုက်ရိုက် အနှောင့်အယှက်ပေးခြင်းများ မရှိသော်လည်း ပူးပေါင်းဆောင်ရွက်မှု မရှိသေးကြောင်းပြောပြသည်။
“အခု အရင်ကလိုတော့ အာဏာပိုင်တွေဘက်က ခြိမ်းခြောက်တာတွေ မလုပ်ပေမယ့် အနီးကပ်စောင့်ကြည့်မှုတွေရှိနေသေး တော့ တချို့အလှူရှင်တွေက စိုးရိမ်ပြီး မလာကြတော့ဘူး”ဟု ကိုရာဇာ က ဆိုသည်။
ဒီဇင်ဘာလ ၁ ရက်နေ့၌ ကမ္ဘာ့ ခုခံအား ကျဆင်းမှုရောဂါ တိုက်ဖျက်ရေးနေ့အခမ်းအနားကို ရန်ကုန်မြို့အမျိုးသား ဒီမိုကရေ စီ အဖွဲ့ချုပ်(NLD) ပါတီရုံးချုပ်တွင် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ ကျင်းပမည်ဖြစ်ပြီး နာမည်ကြီး ဂီတ အနုပညာရှင်များ ပါဝင် သီဆိုထားသည့် သီချင်းခွေတခုကို ဝေဒနာရှင်များအတွက် ရန်ပုံငွေအဖြစ် ရောင်းချသွားမည်ဟု သိရသည်။
“ကိုရဲလွင်၊ ကိုနေဝင်း၊ ကိုသားထွေး၊ ဆောင်းဦးလှိုင်၊ ဇေယျာသော်၊ ခင်ဘုန်းနဲ့ အမျိုးသမီး အဆိုတော် ၃ ဦး ပါတဲ့ သီချင်း ၁၇ ပုဒ် ပါ။ အရင်နှစ်တွေနဲ့ မတူဘဲ ဒါက ပထမဆုံး လုပ်နိုင်တာဖြစ်ပြီး အလှူရှင်တွေကို လက်ဆောင်အဖြစ်နဲ့လည်း ပေးမယ်။ ရန်ပုံငွေ အတွက်လည်း ရောင်းချပေးသွားမှာပါ”ဟု မဖြူဖြူသင်းက ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံ ၄ ပုံပါ ပြက္ခဒိန်များ၊ လူနာများကိုယ်တိုင် လုပ်ထားသည့် သော့ချိတ်များကိုလည်း ရန်ပုံငွေအတွက် ရောင်းချသွားမည်ဖြစ်ပြီး အခမ်းအနားတွင် ဂီတဖျော်ဖြေရေးအစီအစဉ်လည်း ပါဝင်ကြောင်း သူကဆက်ရှင်းပြ သည်။
အခမ်းအနားသို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက်မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး သံတမန်များ၊ အလှူရှင်များ၊ လူနာများ၊ လူမှုရေး၊ နိုင်ငံရေး စသဖြင့် နယ်ပယ်စုံမှ ပုဂ္ဂိုလ်များကိုလည်း ဖိတ်ကြားထားကြောင်း သိရသည်။
အခမ်းအနား တက်ရောက်မည့် ဝေဒနာရှင်တဦးဖြစ်သော အသက် ၃၄ နှစ်ရှိ မကွေးတိုင်း တောင်တွင်း ကြီးမြို့နယ်က မအေးမိစံ က မဖြူဖြူသင်း ဦးဆောင်သည့် ဂေဟာသို့ ဆေးဝါးကုသမှုခံယူရန် ရောက်ရှိနေသည်မှာ ၁ နှစ်ရှိပြီဖြစ်ပြီး ဂရုတစိုက် ဆက်ဆံမှုနှင့် ကူညီစောင့်ရှောက်မှုများကြောင့် ကျန်းမာရေး အခြေအနေ တိုးတက်လာကြောင်း ပြောသည်။
“ကျမကတော့ မနက်ဖြန်ပွဲကို ပထမဆုံးသွားတက်ရမှာဆိုတော့ အရမ်းစိတ်လှုပ်ရှားတယ်။ ကျမတို့ လူနာတွေမှာက ဂေဟာကို ဧည့်သည်တွေလာရင်လည်း ပျော်တယ်။ စိတ်ထဲမှာ ခွဲခြားဆက်ဆံတာ မခံရတော့ ရောဂါ တဝက်လောက် သက်သာသလိုပဲ” ဟု သူက ဆိုသည်။
တချိန်တည်းတွင် ကျောက်ပန်းတောင်း၊ တောင်းတွင်းကြီး၊ အောင်လံ၊ မိတ္ထီလာ အစရှိသော နယ်မြို့များတွင်လည်း အခမ်း အနားများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသို့ ယနေ့ ရောက်ရှိနေသော အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် လိုက်ပါလာသည့် အဖွဲ့လည်း ရန်ကုန်တိုင်း တောင်ဒဂုန်မြို့သစ်ရှိ HIV/AIDS စောင့်ရှောက်ရေး ဂေဟာသို့ လာရောက်မည်ဟု သတင်းများလည်း ထွက် ပေါ်နေသည်။
အစိုးရ ကျန်းမာရေး ဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ထားသော အစီရင်ခံစာ၌ ၂၀၀၉ ခုနှစ်တွင် HIV/ AIDS ရောဂါကူးစက်ခံ နေရသူ ၂ သိန်း ၄ သောင်းရှိရာတွင် အသက် ၁၅ နှစ် အထက် ရောဂါကူးစက်ခံအမျိုးသမီး၈ သောင်း ၁ ထောင် ရှိပြီး ကလေး သူငယ် ရောဂါကူစက်ခံရသူဦးရေ အချက်အလက်ကို မသိရကြောင်း၊၂၀၀၉ ခုနှစ်တွင် သေဆုံးသူ စုစုပေါင်း ၁ သောင်း ၈ ထောင်ရှိကြောင်း ဖော်ပြထားသည်။
၂၀၀၈ ခုနှစ်က ကျန်းမာရေးဝန်ကြီးဌာန၏ အစီရင်ခံစာ တစောင်တွင် ART ဆေးရရှိသူ ဦးရေမှာ အမှန်တကယ် လိုအပ်နေသူ ဦးရေ၏ ၅ ပုံ ၁ ပုံသာရှိကြောင်း ပါရှိသည်။
မြန်မာနိုင်ငံတွင် HIV/AIDS ရောဂါ ကာကွယ် ပညာပေးရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းများအတွက် ဥရောပ သမဂ္ဂ ၏ DFID နှင့် အမေရိကန်နိုင်ငံ အခြေစိုက် Global Fund အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များက ငွေကြေးနှင့် နည်း ပညာ ထောက်ပံ့မှုများ ပေးလျက်ရှိသည်။
ကျန်းမာရေး ဝန်ကြီးဌာနကလည်း HIV/ AIDS တိုက်ဖျက်ရေးအတွက် ကျပ် သန်းပေါင်း ၁၅၀၀ ခန့် သုံးစွဲခဲ့ကြောင်း ထုတ်ပြန် ထားသည်။