အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ယနေ့ ညနေပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာသည်။
မြန်မာနိုင်ငံသို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တဦး နှစ်ပေါင်း ၅၆ နှစ် အတွင်း ပထမဆုံး အကြိမ် လာရောက်ခြင်း ဖြစ်သည်။
မစ္စကလင်တန်နှင့် အဖွဲ့သည် ကြာသပတေးနေ့တွင် သမ္မတဦးသိန်းစိန်၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင် တို့နှင့် တွေ့ဆုံမည်ဟု သိရသည်။
သမ္မတ၏ နိုင်ငံရေး အကြံပေး ဦးကိုကိုလှိုင်က “ဒီခရီးစဉ်က အမေရိကန်- မြန်မာဆက်ဆံရေးမှာ သမိုင်းတခုပဲ၊ ဘက်ပေါင်းစုံတိုး တက်မယ်လို့ မြင်တယ်” ဟု ဆိုသည်။
အစိုးရက နိုင်ငံရေးအကျဉ်းသားများကို ဆက်လွှတ်ပေးမည်ဟု ဦးကိုကိုလှိုင်က ဆက်ပြောသည်။
နိုင်ငံခြားရေး ဝန်ကြီးသည် ခရီးစဉ်အတွင်း မြန်မာ့ နိုင်ငံရေး အခြေအနေ၊ နယ်စပ်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများ၊ လူအခွင့်အရေးချိုးဖောက်မှု ကိစ္စရပ်များကို ဆွေးနွေးမည် ဖြစ်သည်။
သို့သော် မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းရေးနှင့် ပတ်သက်ပြီး ဆွေးနွေးမည် မဟုတ်ဟု မစ္စကလင်တန်က ယခု ခရီးစဉ် မတိုင်မီကတည်းက ပြောဆိုထားခဲ့သော်လည်း အနာဂတ် နှစ်နိုင်ငံ ကုန်သွယ်ရေး၊ သံတမန် ဆက်ဆံရေး တိုးမြှင့်ရန် ဆွေးနွေးနိုင်ကြောင်း လေ့လာသူများက သုံးသပ်နေကြသည်။
သမ္မတအိုဘားမားကလည်း မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို အသိ အမှတ် ပြုကြောင်း၊ သို့သော် နယ်စပ် တိုင်းရင်းသား ဒေသ တိုက်ပွဲများ၊ နိုင်ငံရေး အကျဉ်းသားများကိစ္စ၊ မြောက်ကိုရီးယားနှင့် မြန်မာ ဆက်စပ်မှု စသည်တို့မှာ စိုးရိမ်စရာ အခြေအနေ ဖြစ်ကြောင်း မကြာသေးမီက ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မစ္စကလင်တန် လာရောက်ချိန်နှင့် တိုက်ဆိုင်စွာ မီးရထား ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်သည့် အစိုးရ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA)နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယမန်နေ့က တွေ့ဆုံပြီး ကချင်ဒေသတွင် ဖြစ်ပွားနေသော စစ်ပွဲများအရေးနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့သေးသည်။
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က “မစ္စကလင်တန် အနေနဲ့ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား အရေးကို ဖြေရှင်းဖို့ လိုတယ် ဆိုတာကိုတော့ မြန်မာ အစိုးရကို ရှင်းရှင်းလင်းလင်း ပြောပြစေချင်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံမည် ဖြစ်သည်။
အမေရိကန် မြန်မာဆက်ဆံရေးသည် မင်းတုန်းမင်း လက်ထက်မှ စတင်သည်ဟု ပြောဆို နိုင်သော်လည်း ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီး ဖဆပလ အစိုးရလက်ထက်တွင် ပိုမို နီးကပ်စွာ ဆက်ဆံခဲ့သည်ကို တွေ့ရသည်။
လွတ်လပ်ရေးရပြီးခေတ်တွင် အားကောင်းလာသည့် ဗမာပြည် ကွန်မြူနစ်ပါတီနှင့် တခြားသော လက်ဝဲ ပါတီများကို ဆန့်ကျင်နိုင်ရန် အတွက် ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်သည့် ဖဆပလအစိုးရနှင့် အမေရိကန်အစိုးရတို့ ပိုမိုနီးကပ်စွာ ဆက်ဆံခဲ့ပြီး အာရှဖောင်ဒေးရှင်း၊ ဖို့ဒ် ဖောင်ဒေးရှင်း စသည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး လူမှုရေး အကူအညီများကို လက်ခံခဲ့သည်။
၁၉၅၂ ခုနှစ် အမေရိကန် ဒုသမ္မတ ရစ်ချတ်နစ်ဆင် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပြီး ဝန်ကြီးချုပ် ဦးနု အမေရိကန်သို့ အပြန်အလှန် သွားရောက် လည်ပတ်ခဲ့သည် အထိ ဆက်ဆံရေး တိုးတက်ခဲ့သည်။
သို့သော် ၁၉၅၀ ပြည့်နှစ်ခန့်တွင် ရှမ်းပြည်နယ်သို့ ကျူးကျော် ဝင်ရောက်လာသည့် တရုတ်ဖြူ ကူမင်တန် တပ်များကို အမေရိကန်အစိုးရက ကူညီသောအခါတွင် နှစ်နိုင်ငံ ဆက်ဆံရေး အနည်းငယ် ယိုယွင်းခဲ့သည်။ သို့သော်လည်း နှစ်နိုင်ငံ စစ်တပ်ချင်း ဆက်ဆံရေးမှာမူ ၁၉၈၈ ခုနှစ်မတိုင်မီအထိ ဆက်လက် ရှိနေခဲ့သည်။
တပ်မတော် စိတ်ဓာတ် စစ်ဆင်ရေး ဌာနကို ဦးဆောင် ဖွဲ့စည်းခဲ့သည့် ဗိုလ်မှူးချုပ် မောင်မောင် လက်ထက်တွင် အမေရိကန် စစ်တပ် နှင့် သာမက အမေရိကန် ထောက်လှမ်းရေးအဖွဲ့ CIA နှင့်ပါ အနီးကပ် ဆက်ဆံခဲ့သည်။
၁၉၆၀ ပြည့်နှစ် တဝိုက် ဗိုလ်မှူးချုပ်မောင်မောင် ရာထူးမှ အနားပေးခံခဲ့ရပြီး နောက်ပိုင်းတွင်လည်း မြန်မာ့တပ်မတော် အရာရှိများကို အမေရိကန် စစ်တက္ကသိုလ်များနှင့် စစ်သင်တန်းများသို့ ဆက်လက် စေလွှတ်ခဲ့သည်။
ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး သူရကျော်ထင် အပါအဝင် ဒု ဗိုလ်ချုပ်ကြီး ထွန်းကြည်၊ ဗိုလ်ချုပ် ဉာဏ်လင်း၊ ထောက်လှမ်းရေး ညွန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်မှူးကြီး အောင်ကိုး တို့သည် အမေရိကန် စစ်တက္ကသိုလ်များတွင် တက်ရောက်ခဲ့သည့် ထင်ရှားသည့် စစ်ဘက် အရာရှိကြီးများ ဖြစ်သည်။
၁၉၆၆ ခုနှစ် အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီးနေဝင်း အမေရိကန်သို့ သွားရောက်ကာ သမ္မတ ဂျွန်ဆင် နှင့် တွေ့ဆုံခဲ့သော်လည်း နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေး အေးစက်သွားခဲ့သည်။ သို့သော်လည်း မြန်မာနိုင်ငံက မူးယစ်ဆေးဝါး နှိမ်နင်းမှုအစီအစဉ်များအတွက် အမေရိကန်၏ အကူအညီများကို လက်ခံခဲ့သည်။
၁၉၈၈ ခုနှစ်တွင် စစ်တပ် အာဏာသိမ်းပြီး ဒီမိုကရေစီ လှုပ်ရှားမှုများကို အဆက်မပြတ် နှိမ်နင်းခဲ့ခြင်း၊ လူအခွင့် အရေးချိုး ဖောက်ခြင်းများကြောင့် သံတမန်ဆက်ဆံရေးမှာ အနိမ့်ဆုံးအဆင့်အထိ ကျဆင်းခဲ့သည်။