ကချင်ဒေသ စစ်ပွဲများ ရပ်စဲရေးအတွက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် အစိုးရကိုယ်စားလှယ်များနှင့် တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ကချင်လွတ်လပ်ရေး အဖွဲ့(KIO)က ပြောသည်။
အပစ်အခတ်ရပ်စဲရေးထက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ် ရောက်ရေးကို အဓိကထားပြီးတော့ ဆွေးနွေးခဲ့ကြသည် ဟု KIO ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ဧရာဝတီသို့ ပြောသည်။
“အဓိက နိုင်ငံရေး နည်းနဲ့ ဖြေရှင်းရမယ်၊ နောက် အခုတလော သမ္မတ ဦးသိန်းစိန်က ကျနော်တို့ကို တရက်တည်းနဲ့ ချေမှုန်းမယ်
ဆိုတဲ့ စကားတွေ ပြောတာတော့ မသင့်တော်ဘူး ဆိုတာတွေပေါ့ အဓိကတော့ အဲဒီ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပဲ၊ အဲဒီလမ်း ကြောင်းကို သွားရမယ်၊ လက်နက်ကိုင်ရင်တော့ ဒါဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာကို အဓိကထားပြီး ပြောတယ်”ဟု ၎င်းက ဆို သည်။
ယင်း တွေ့ဆုံဆွေးနွေးမှုများကို အထက်သို့ ပြန်လည်တင်ပြပေးသွားမည်ဟု အစိုးရကပြောကြားခဲ့သော်လည်း မည်သည့် နေ့ရက်၌ ထပ်မံ ဆွေးနွေးမည်ကို မသိရကြောင်း KIO က ပြောသည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရ နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များလက်နက်ကိုင်ဆောင်၍ သွားလာခွင့် မပြုရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး စသည့် အချက်များကိုလည်း အစိုးရ ကိုယ်စားလှယ်များက ချပြကြောင်း ဗိုလ်မှူးချုပ် ဂွမ်မော်က ဆက်ပြောသည်။
ဆွေးနွေးပွဲ၌ အစိုးရဘက်မှ ရထားဝန်ကြီး ဦးအောင်မင်း၊ ဆက်သွယ်ရေး ဝန်ကြီးဟောင်း မြစ်ကြီးနားမြို့ ပြည်သူ့ လွှတ်တော် ကိုယ် စားလှယ် ဦးသိန်းဇော်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သောင်း၊ ကချင်ပြည်နယ် အမျိုးသား လွှတ်တော်အမတ် ဦးခက်ထိန်နန်တို့ လာရောက်ကြောင်း၊ KIO ဘက်က ဥက္ကဌ ဦးဇောင်းဟရား (Zawng Hra) ဦးဆောင်ပြီး ၆ ဦး တွေ့ဆုံကြောင်း သိရသည်။
KIA ထိန်းချုပ်ဒေသတွင် အစိုးရတပ်အင်အား တိုးချဲ့ခြင်းနှင့် ဒုက္ခသည်များ ထွက်ပြေးနေရသည့် အကြောင်းများကို KIO ဘက်က တင်ပြဆွေးနွေးခဲ့သော်လည်း အစိုးရကိုယ်စားလှယ်များက တစုံတရာ တုံ့ပြန်ပြောကြားခြင်း မရှိကြောင်း ဦးဂွမ်မော်က ရှင်းပြသည်။
နိုဝင်ဘာ ၁၉ ရက်က ထိုင်း-မြန်မာနယ်စပ်တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စား လှယ် များနှင့် KIO ခေါင်းဆောင်တချို့ကို တွေ့ဆုံခဲ့ပြီးနောက်ပိုင်း ဒုတိယ အကြိမ် ထပ်မံ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။
သြဂုတ်လဆန်းပိုင်းတွင် အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်လိုသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည် နယ်၊ တိုင်းဒေသကြီး အစိုးရများနှင့် ဆက်သွယ် ဆွေးနွေးရန် ကမ်းလှမ်းခဲ့သည်။
ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီးနောက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြစ်သည့် KIO အပါအဝင် ဝပြည် သွေးစည်းညီညွတ် ရေးအဖွဲ့(UWSA)၊ မိုင်းလား အခြေစိုက် အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(NDAA) တို့နှင့်လည်း အစိုးရက တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။
ထို့အပြင် မွန်ပြည်သစ်ပါတီ၊ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း(SSA-N)၊ ကရင်အမျိုးသား အစည်းအရုံ(KNU) တပ်ဖွဲ့ဝင်များကို လည်း တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစိုးရနှင့် KIO တွေ့ဆုံဆွေးနွေးနေချိန်တွင်ပင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး ကချင်ပြည်နယ် မံစီမြို့နယ်ရှိ KIA တပ် မဟာ ၃ ဒေသရှိ တပ်ရင်းအမှတ်၂၇ စခန်းတခု ဆုတ်ပေးလိုက်ရကြောင်း KIO တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးလနန်က ပြောသည်။
သို့သော်လည်း ထိုနေရာသည် စစ်ရေးအရ ဗျူဟာ မကျကြောင်း၊ အစိုးရတပ်က အင်အား အလုံးအရင်းနှင့် ထိုးစစ်ဆင်လာသော ကြောင့် ဆုတ်ပေးလိုက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယင်းဒေသတွင် အစိုးရ တပ်မ ၉၉၊ ၃၃ လက်အောက်ခံတပ်ရင်းများ လှုပ်ရှားလျက်ရှိကြောင်း သိရသည်။ လတ်တလော ဖြစ်ပွား နေ သည့် တိုက်ပွဲတွင် နှစ်ဘက် အကျအဆုံး စာရင်းများကိုမူ မသိရှိရသေးပေ။ KIA ထိန်းချုပ်ဒေသတချို့တွင်လည်း အစိုးရက တပ် အင်အား တိုးချဲ့ထားကြောင်း သိရသည်။
ဇွန်လ ၉ ရက်နေ့တွင် စတင်၍ ၆ လခန့် မြန်မာအစိုးရတပ်နှင့် KIAအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ၍ထွက် ပြေးရသည့် ဒုက္ခသည် ခန့်မှန်းခြေ သုံးသောင်းခန့်ရှိပြီး တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ KIA ထိန်းချုပ်ဒေသများတွင် ခိုလှုံနေကြ ရဆဲ ဖြစ်သည်။
ယင်း ဒုက္ခသည်များနှင့် ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံနေရမှု အခြေအနေများကို ဖော်ပြထားသည့် Under Siege in Kachin State အမည်ရှိ အစီရင်ခံစာတစောင်ကို အမေရိကန် အခြေစိုက် လူ့အခွင့်အရေး အဖွဲ့ တခုဖြစ်သည့် Physicians for Human Rights (PHR)က ယနေ့ ထုတ်ပြန်လိုက်သည်။
၂၀၁၁ ခုနှစ် ဇွန်လ နှင့် စက်တင်ဘာလအတွင်း မြန်မာ့တပ်မတော်က အရပ်သားတို့ထံမှ စားနပ်ရိက္ခာများ လုယူခြင်း၊ ကျေးရွာများ အတွင်း ဝင်ရောက် ပစ်ခတ်ခြင်း၊ အရပ်သားများကို ပစ္စည်းများထမ်းပိုးရန်နှင့် မိုင်းရှင်းလင်းရန်အသုံးပြုခြင်း စသည်များကို ကျူးလွန် ခဲ့ကြောင်း PHR အဖွဲ့က ဆိုသည်။
ပြည်တွင်းစစ်ကြောင့် တိမ်းရှောင်နေရသူတို့၏ ခိုလှုံသည့်နေရာများတွင် လူဦးရေ အဆမတန် များပြားပြီး သန့်ရှင်းရေးနှင့်ရေပေးဝေ မှုစနစ် မလုံမလောက် ဖြစ်နေကြောင်း၊ ကလေးသူငယ်များအတွက် ဆေးဝါး ထောက်ပံ့မှု နည်းပါးလွန်းသည်ဟု ဆေးဝန်ထမ်းများက ပြောဆိုကြောင်းလည်း အစီရင်ခံစာတွင် ရေးထားသည်။
၁၉၆၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် KIO ၏ စစ်တပ် KIA သည် အစိုးရတပ်နှင့် နှစ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြသည်။
၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးယူခဲ့ပြီး ဇွန်လအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် နှစ်ဘက် အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် ပျက်ပြယ်ခဲ့ခြင်း ဖြစ်သည်။