သမ္မတ ဦးသိန်းစိန်နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်တို့ ယနေ့နံနက် ၁၀ နာရီခန့်က သမ္မတ အိမ်တော်တွင် တွေ့ဆုံဆွေးနွေးကြောင်း သတင်းရသည်။
သမ္မတ ဦးသိန်းစိန်၊ ပြန်ကြားရေးနှင့် ယဉ်ကျေးမှုဝန်ကြီး ဦးကျော်ဆန်း၊ စက်မှုဝန်ကြီး ဦးစိုးသိန်း နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင် လွင်၊ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးအပါအဝင် ဝန်ကြီးများတက်ရောက်ခဲ့ ကြပြီး ဟီလာရီကလင်တန်နှင့် အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် ဒဲရစ် မစ်ချယ်နှင့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပို့စနာ အပါအဝင် ကိုယ်စားလှယ်များ အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။
ယနေ့ နေ့လည် ၂ နာရီတွင် မစ္စ ဟီလာရီကလင်တန်သည် ဆွေးနွေးပွဲနှင့် ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကို သင်္ဂဟဟိုတယ် တွင် ပြုလုပ်မည်ဖြစ်သည်။
မစ္စ ဟီလာရီကလင်တန်သည် သမ္မတ အိမ်တော်၌ နေ့လယ်စာစားပြီး မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စုလွှတ်တော် နာယက
ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းတို့နှင့်လွှတ်တော်အဆောက်အအုံတွင် တွေ့ဆုံမည် ဖြစ်သည်။
ထို့နောက် ယနေ့ညနေတွင် နေပြည်တော်မှ ရန်ကုန်သို့ ထွက်ခွာမည် ဖြစ်ကာ ပထမဆုံး ရွှေတိဂုံဘုရားသို့ သွားရောက်ဖူးမျှော်ပြီး မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ညစာစားမည်ဖြစ်သည်။
ဒီဇင်ဘာလ ၂ ရက်နေ့တွင် မစ္စ ဟီလာရီကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်ပိုင်းနှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။
ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နေထိုင်ရာ တက္ကသိုလ် ရိပ်သာလမ်းတလျှောက် အစိုးရ၏ လုံခြုံရေးတပ်များ ထူထပ်စွာ ချထားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တဦးက ပြောသည်။
“ဓာတ်တိုင်တတိုင်ခြားစီမှာ စစ်သားတွေ နှစ်ယောက်တတွဲ ချထားတယ်၊ ကင်းပုန်းတွေလည်း အများကြီးပဲ” ဟု ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်နှင့် ဘေးချင်းကပ်ခြံဖြစ်သည့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဌာနပိုင် အမှတ် ၅၀ အိမ်ခြံဝန်း အတွင်းတွင်လည်း လုံခြုံရေး အပြည့်ချထားကြောင်း NLD အဖွဲ့ဝင်ကဆက်ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ခြံဝန်းအတွင်း မစ္စဟီလာရီ ကလင်တန်၏ လုံခြုံရေးကို အမေရိကန်မရိန်းတပ်သားများက တာဝန် ယူထားကြောင်း သူက ဆိုသည်။
မစ္စ ကလင်တန်သည် တခြားသောနိုင်ငံရေးပါတီများ၊ လူမှုအဖွဲ့အစည်းများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့်လည်း တွေ့ဆုံမည်ဟု သိရသည်။