မြန်မာအစိုးရက မြောက်ကိုရီးယားထံမှ ဒုံးကျည်နည်းပညာ ရယူနေသည့်အပေါ် အမေရိကန်က စိုးရိမ်နေကြောင်း အမေရိကန် နိုင်ငံခြား ရေးဌာန
အဆင့်မြင့်အရာရှိကြီး တဦးက ပြောကြားလိုက်သည်။

မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် အမေရိကန်အနေဖြင့် အဓိကစိုးရိမ်မှုမှာ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ မြောက် ကိုရီးယားနှင့်ပတ်သက်ပြီး ဒုံးကျည်နှင့် စစ်လက်နက်ပစ္စည်း မပျံ့ပွားရေးဆိုင်ရာ ချမှတ်ထားသည့် ဆုံးဖြတ်ချက် အမှတ် ၁၈၇၄ ကို လေးစားလိုက်နာရန်အတွက်ဖြစ်သည်ဟု ၎င်းက ဆိုသည်။
ထိုကိစ္စသည် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ထိခိုက်နိုင်သည့်အတွက် ဖြစ်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့်အတူ မြန်မာနိုင်ငံသို့လိုက်ပါသွားသည့် နိုင်ငံခြားရေးဌာန အဆင့်မြင့်အရာရှိက ပြောဆိုခြင်းဖြစ် သည်။
“ကျနော်တို့ အဓိက စိုးရိမ်တာ ဒုံးကျည်နည်းပညာ ကိစ္စပါ”ဟု သူက ဆိုသည်။
အမေရိကန်က အနီးကပ် သေချာစောင့်ကြည့်လေ့လာခဲ့ပြီး၍ အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာဘက်က ပွင့်လင်းစွာ ပြန် လည်ရှင်းပြရန် လိုလားကြောင်းလည်း သူက ဆက်ပြောသည်။
မကြာသေးမီ လများကလည်း မြန်မာနိုင်ငံသို့ ဦးတည်ခုတ်မောင်းလာသည့် လက်နက်များသယ်ဆောင်လာသည်ဟု သံသယဖြစ်ဖွယ် မြောက်ကိုရီးုယား သင်္ဘော၂ စီးကို အမေရိကန် ရေတပ်က ပြန်လှည့်သွားစေခဲ့သည်။
ထို့အပြင် သမ္မတ ဦးသိန်းစိန်နှင့် မစ္စ ဟီလာရီတို့ တွေ့ဆုံ ဆွေးနွေးရာတွင်လည်း လက်ရှိမြန်မာအစိုးရ လုပ်ဆောင်နေသည့် ပြုပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အရှိန်မလျော့စေဘဲ ပွင့်ပွင့်လင်းလင်း ဆက်လုပ်ရန် တိုက်တွန်းမည်ဖြစ်ပြီး အမေရိကန်ဘက်ကအနာ ဂတ် မျှော်လင့်ချက်များကို ဆွေးနွေးရန်ရှိကြောင်း အမေရိကန် နိုင်ငံခြားရေးဌာနက ထုတ်ပြန်ထားသည်။
ယနေ့တွင် နေပြည်တော်၌ သမ္မတ ဦးသိန်းစိန်နှင့် မစ္စ ဟီလာရီတို့ တွေ့ဆုံရာ အမေရိကန်-မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍ တခုကို ရောက်ရှိပြီ ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောဆိုသည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု၊ တချို့သော ဥပဒေဆိုင်ရာ ပြန်လည်ပြင်ဆင်ပေးမှု၊ ဒေါ်အောင် ဆန်းစုကြည်ကိုလည်း လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှ အစပြုကာ ရွေးကောက်ပွဲဝင်ရောက်ခွင့်ပြုမှု တို့သည် အမေရိကန် အနေဖြင့် ထင်ရှားမြင်သာသည့် ပြုပြင်ပြောင်းလဲမှုဟု ရှုမြင်ကြောင်းလည်း အမေရိကန် နိုင်ငံခြားရေးဌာန ထုတ်ပြန်ချက်တွင် ပါရှိသည်။
ယမန်နေ့က နေပြည်တော်သို့ မစ္စ ဟီလာရီနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့ ဆိုက်ရောက်လာသောအခါ နေပြည်တော် လေ ဆိပ်တွင် တိတ်ဆိတ်နေပြီး မြန်မာအစိုးရဘက်က ဒု နိုင်ငံခြားရေး ဝန်ကြီး အဆင့်ကသာ လာရောက်ကြိုဆိုခဲ့သည်။
မြန်မာအစိုးရဘက်က သံတမန် ဆက်ဆံရေးအရ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး၏ သမိုင်းဝင်ခရီးစဉ်အပေါ် ခမ်းနားစွာကြိုဆို မှုပြသလိုခဲ့သော်လည်း အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဘက်က ထိုသို့ မကြိုဆိုရန် ကြိုတင်ညှိနှိုင်းမှုရှိခဲ့ပုံရသည်ဟု လေ့လာသူ များက သုံးသပ်ကြသည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံခြား အထူးဧည့်သည်လာရောက်သည်ကို ယခင်က ခမ်းနားစွာဖော်ပြလေ့ရှိပြီး နိုင်ငံရေး အမြတ် ထုတ်သည်ကို အမေရိကန်ဘက်ကလိုလားဟန် မရှိကြောင်း၊ မြန်မာ-အမေရိကန် ဆက်ဆံရေးတွင် သံတမန်အဆင့်လျှော့ထားသည့် ကာလဖြစ်၍လည်း ဖြစ်နိုင်ကြောင်းလည်း ဆိုသည်။
ယနေ့ညပိုင်းတွင် မစ္စ ဟီလာရီသည် ယခင်ကလူချင်းမတွေ့ဘူးသော်လည်း တယ်လီဖုန်းဖြင့် တကြိမ်သာ ပြောဆိုဖူးသည့် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ညစာအတူစားရန် စီစဉ်ထားကြောင်း မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အနာဂတ် မျှော်လင့်ထားသည့် အခြေအနေများနှင့် လုပ်ဆောင်မှုများကို ဆွေးနွေးရန်ရှိကြောင်း ၎င်းက ဆိုသည်။
မကြာသေးမီက အမေရိကန်သမ္မတ ဘားရက် အိုဘားမားသည် အင်ဒိုနီးရှားနိုင်ငံ ဘာလီအစည်းအဝေးသို့အသွား လေယာဉ်ပေါ်မှ ဒေါ်အောင်ဆန်းစုကြည်ကို တယ်လီဖုန်းဖြင့်ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အနေဖြင့် မြန်မာနိုင်ငံ တွင် လုပ်ဆောင်မည့်ကိစ္စများသည် စောနေသေးကြောင်း ပြောဆိုမှုကို ၂ ဘက် သဘောတူခဲ့ကြောင်းလည်း အဆိုပါ အရာရှိက ထည့်သွင်းပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က မည်သည့်ကိစ္စ ပြောကြားခဲ့သည်ကို ထုတ်ဖော်ပြောဆိုမှု မရှိခဲ့ပေ။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးတို့အတွက် မြန်မာအစိုးရ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အတိုက်အခံများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ လူထု အခြေပြုအဖွဲ့အစည်းများ စသည်တို့ဖြင့် ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်သွားရန် အလေးအနက်ထားပြောကြားသွားမည်ဟုလည်း နိုင်ငံခြားရေးဌာန အဆင့်မြင့် အရာရှိက ဆိုထားသည်။
မြန်မာနိုင်ငံသည် အာရှတိုက်တွင် မဟာဗျူဟာမြောက်နိုင်ငံ တနိုင်ငံလည်းဖြစ်ပြီး တချိန်က ပညာတတ်များစွာ ပေါ်ထွန်းမှုများကို အမေရိကန်က သိရှိထားကြောင်း ၎င်းက ထုတ်ပြောသည်။
မြန်မာအာဏာပိုင်များအနေဖြင့်လည်း အထီးကျန်ဆန်နေမှုများအပေါ် စိတ်ပျက်နေပုံရပြီး အမေရိကန် အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြန်လည်၍ အနီးကပ် ထိတွေ့ဆက်ဆံလိုသည်ဟု ထင်မြင်ကြောင်းလည်း သူက ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် မြန်မာနိုင်ငံတွင် နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ၂ ရက်အထိ ခရီးစဉ် အဖြစ် ရောက်ရှိနေခြင်းဖြစ်သည်။ နှစ်ပေါင်း ၅၀ ကျော်ကာလအတွင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တဦး၏ ပထမ ဆုံး ခရီးစဉ်လည်း ဖြစ်သည်။