ထိုင်းနိုင်ငံတွင် ကျန်နေခဲ့သော သီးလေးသီး ဆေးရောင်စုံ အငြိမ့်အဖွဲ့ဝင် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ်ငုံတို့သည် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင် လေဆိပ်မှ အဲပုဂံ လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ထိုင်းစံတော်ချိန် ၅ နာရီတွင် ရန်ကုန်သို့ ပြန်သွားပြီဖြစ်သည်။
ပြည်တွင်း၌ အနုပညာ လုပ်ငန်းများ ဆက်လုပ်ရန်အတွက် ပြန်ရခြင်း ဖြစ်ကြောင်း လူရွှင်တော် ပန်းသီးက ယနေ့ ဧရာဝတီသို့ ပြောသည်။
“ကိုဇာဂနာလည်း လွတ်မြောက်လာပြီ။ အဲဒီအခါကျတော့ ကျနော်တို့ အနုပညာ အလုပ်တွေ ပြည်တွင်းမှာ ဆက်ပြီးတော့ လှုပ်ရှား ဖို့အတွက် ပြန်တာပါ” ဟု ၎င်းက ဆိုသည်။
မင်းသမီး မြစံပယ်ငုံကလည်း ပြည်ပတွင် နေထိုင်ကြသည့် မြန်မာ ပရိသတ်များနှင့် ပြန်ဆုံစည်းနိုင်ရန် ကြိုးစားသွားမည်ဖြစ်ကြောင်း ပြောသည်။
မြစံပယ်ငုံ၏ အဆိုအရ ၎င်းတို့ အဖွဲ့သားများကို ရန်ကုန်လေဆိပ်တွင် ပရိသတ်များနှင့်အတူ ဦးဇာဂနာခေါင်းဆောင်သော လူရွှင်တော်များ၊ အနုပညာသမားများက လာရောက် ကြိုဆိုမည်ဟု သိရသည်။
သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဝင်များအားလုံး ပြန်လည် ပူးပေါင်းပြီး ပထမဆုံး အနေဖြင့် တောင်ငူမြို့တွင် အငြိမ့်ပွဲ ကျင်းပရန် စီစဉ်ထားကြောင်း လူရွှင်တော် ဇာဂနာက ပြောသည်။
“သူတို့ ပြန်ရောက်ရောက်ခြင်း တောင်ငူမှာ အရင်ကမယ်၊ ပြီးရင် ရန်ကုန်မှာကမယ်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း သူတို့ကို ကြည့်ချင်တယ်လို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။
ပြည်ပရောက်နေသူများ ပြည်တော်ပြန်နိုင်ကြောင်း သမ္မတ ဦးသိန်းစိန်၏ ဖိတ်ခေါ်စကားကြောင့် စက်တင်ဘာလ ၁၁ ရက်နေ့က သီးလေးသီး ဆေးရောင်စုံ အဖွဲ့ဝင်များဖြစ်သော မင်းသမီး ချောစုမျိုး၊ လူရွှင်တော် ဂေါ်ဇီလာ၊ စိန်သီး၊ ဇီးသီး တို့ ရန်ကုန်သို့ ပြန်သွားခဲ့ကြသော်လည်း ကျန်အဖွဲ့ဝင်များဖြစ်သည့် လူရွှင်တော် ပန်းသီး၊ ကြယ်သီးနှင့် မင်းသမီး မြစံပယ်ငုံတို့က အကျဉ်းချ ခံထားရသော ကိုဇာဂနာ ပြန်လည်လွတ်မြောက်မှ ပြည်တွင်းပြန်မည်ဟု ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
မင်းသမီး ချောစုမျိုး၊ လူရွှင်တော် စိန်သီး၊ ဂေါ်ဇီလာ၊ ဇီးသီးတို့မှာ ထင်ရှားသည့် ပြည်ပရောက် မြန်မာပြည်သားများအနက် သမ္မတ၏ ဖိတ်ခေါ်ချက် တလပြည့်ခါနီးအချိန်တွင် ပထမဆုံး ပြည်တော်ပြန်ကြ သူများလည်း ဖြစ်သည်။
သီးလေးသီး ဆေးရောင်စုံအဖွဲ့သည် ၂၀၀၇ ခု နှစ်ဒီဇင်ဘာလတွင် ပြည်ပသို့ ထွက်ကာ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ ကိုးရီးယား၊ ဂျပန်၊ အမေရိကန် စသည့် နိုင်ငံများတွင်သွားရောက် ဖျော်ဖြေခဲ့ပြီးနောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နေထိုင်ခဲ့ကြသည်။
ပြည်ပတွင် အငြိမ့်ကစဉ် အစိုးကို ဝေဖန်သည့်ပြက်လုံး အများအပြား ထုတ်ခဲ့ပြီး မြန်မာပြည်ပြန်လျှင် အရေးယူခံရမည် ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ထိုင်းနိုင်ငံတွင် ၄ နှစ်ခန့် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။ အစိုးရ၏ အရေးယူခြင်း ခံရမည်ကို စိုးရိမ်သဖြင့် ပြည်ပနိုင်ငံများတွင် ခိုလှုံနေသော မြန်မာပြည်သား အများအပြား ရှိသည်။
“ပြစ်မှု တစုံတရာ ကျူးလွန်ထားတာ မရှိဘူး ဆိုရင် အချိန်မရွေး ပြန်လာနိုင်ဖို့ ကျနော်တို့ စဉ်းစားပေးမှာ ဖြစ်ပါတယ်။ ပြစ်မှု ကျူးလွန် ထားသည့်တိုင် ထိုက်သင့်တဲ့ ပြစ်ဒဏ်ကျခံဖို့ ပြန်လာမယ် ဆိုရင်တောင် ကျနော်တို့က သဘောထားကြီးစွာ စဉ်းစားပေး မှာ ဖြစ်ပါတယ်” ဟု သမ္မတ ဦးသိန်းစိန်က ပြီးခဲ့သည့် သြဂုတ်လအတွင်း လူသိရှင်ကြား ပြောကြား ခဲ့သည်။
အစိုးရအနေဖြင့် ထိုသို့ထုတ်ပြန်ရုံသာမက နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ ပြည်ပတွင် တိမ်းရှောင်နေသူများ ပြည်တော် ပြန်နိုင်ရေးတို့အတွက် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်သင့်သည်ဟု ပြည်ပရောက် အတိုက်အခံ အများအပြားက ဝေဖန်ခဲ့ကြသည်။