အမေရိကန်အနေဖြင့် မြန်မာအစိုးရအပေါ် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရန် လတ်တလော စဉ်းစားဦးမည်မဟုတ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်က နေပြည်တော် သင်္ဂဟ ဟိုတယ်တွင် ယနေ့ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ပြောလိုက်သည်။
“အမေရိကန်အနေနဲ့ အားလုံး အကျိုးဖြစ်ထွန်းတာ မြင်ချင်တယ်။ ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်ဆောင်ဖို့ လိုတယ်။
ဒီ ပြုပြင်ပြောင်းလဲမှုတွေက အမှန်တကယ် ဖြစ်ဖို့လိုပါတယ်။ ကျမတို့အနေနဲ့ အစိုးရအပါအဝင် တိုင်းရင်းသားတွေ၊ လူမှုရေး အဖွဲ့အစည်းတွေ၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေ အားလုံးနဲ့ ဆွေးနွေးနေပါတယ်။ အခုအချိန်မှာတော့ စီးပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ စဉ်းစားတဲ့အထိ မရောက်သေးပါဘူး။ အစိုးရက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ ဆက်လုပ်မယ် ဆိုရင် ကျမတို့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ ချက်ချင်း စဉ်းစားပါ့မယ်။ နောက်ပြန် မသွားဖို့လိုတယ်။ ပြုပြင်ပြောင်းလဲမှုက အစစ်အမှန် ဖြစ်ဖို့လိုတယ်” ဟု ၎င်းက ဆိုသည်။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲမှု အစ ခြေလှမ်းများကို ကြိုဆိုကြောင်း၊ ပြုပြင်ပြောင်းလဲမှုများစွာ ပြုလုပ်ရန် လိုအပ် နေသေးကြောင်း၊ ပြုပြင်ပြောင်းလဲမှုများ စစ်မှန်စွာ လုပ်ဆောင်ပါက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးကို ချက်ချင်း စဉ်းစားမည်ဖြစ်ကြောင်း မစ္စ ကလင်တန်က ပြောဆိုသည်။
မြန်မာပြည်တွင်း၌ တိုင်းရင်းသားဒေသများတွင် ငြိမ်းချမ်းရေး အပြည့်အဝ မရနိုင်သေးခြင်း၊ နိုင်ငံရေး အကျဉ်းသားများအား ဆက်လက် ဖမ်းဆီးထားခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှု များမှာ စိုးရိမ်စရာ အခြေအနေတွင် ရှိနေသေး သောကြောင့် မြန်မာအစိုးရ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
မြန်မာအစိုးရသစ်က နိုင်ငံရေးအကျဉ်းသား မရှိဟု စဉ်ဆက်မပြတ် ငြင်းဆိုခဲ့သော်လည်း မစ္စ ကလင်တန်ကမူ နိုင်ငံရေး အကျဉ်းသားများကို မဝေးတော့သော အနာဂတ်တွင် လွှတ်ပေးလိမ့်မည်ဟု မျှော်လင့်သည်ဟု သတင်းထောက်များအား ပြောသည်။
“နိုင်ငံရေးအကျဉ်းသား အားလုံး လွှတ်ပေးရမယ်။ နိုင်ငံရေးအကျဉ်းသား အားလုံးလွှတ်ပေးရေးဟာ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး လုပ်မယ်လို့ ပြောထားတဲ့ အစိုးရတရပ် ချက်ချင်း လုပ်ဆောင်ရမယ့် အရေးကြီးတဲ့ လုပ်ငန်းစဉ်တရပ် ဖြစ်ပါတယ်။ မဝေးတော့တဲ့ အနာဂတ်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု မစ္စ ကလင်တန်က ဆိုသည်။
ဟီလာရီ ကလင်တန်က ၎င်း၏ ခရီးစဉ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ စတင် ပြောင်းလဲလာသော ထိတွေ့ဆက်ဆံမှု မူဝါဒသစ်အရ လာရောက်ခြင်း ဖြစ်ကြောင်း၊ ၂ နှစ်အတွင်း အမေရိကန် အစိုးရ ထိပ်တန်းတာဝန်ရှိသူများ၊ အထူး ကိုယ်စားလှယ်များ အကြိမ် ၂၀ နီးပါး မြန်မာပြည်သို့ လာရောက်ခဲ့ကြကြောင်း၊ ယနေ့ လာရောက်မှုသည် အမေရိကန် နှင့် မြန်မာဆက်ဆံရေးအတွက် ကောင်းမွန်သော အခွင့်အလမ်း ဖြစ်ကြောင်း ရှင်းပြသည်။
မြန်မာအစိုးရသည် တရုတ်နိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံများနှင့် ကောင်းမွန်သော ဆက်ဆံရေး ရှိသည်ကို ကြိုဆိုကြောင်း၊ နိုင်ငံတနိုင်ငံတည်း နှင့်သာမကဘဲ တခြားနိုင်ငံများနှင့်လည်း မိတ်ဆွေအဖြစ် ဆက်ဆံနိုင်ကြောင်း ၎င်းက ပြောသည်။
အမေရိကန်ပြည်ထောင်စုက မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးအပေါ် စိုးရိမ်ပူပန်ကြောင်း ပြောဆိုခဲ့သည်ကို
မြန်မာ အစိုးရသစ်က ကုလသမဂ္ဂ ချမှတ်ထားသော မြောက်ကိုရီးယားဆိုင်ရာ ဆုံးဖြတ်ချက်များအား လိုက်နာမည်ဟု ပြောဆိုကြောင်း ဟီလာရီ ကလင်တန်က သတင်းထောက်များအား ပြန်လည် ပြောပြသည်။
ဆက်လက်၍ ၎င်းက အစိုးရအဖွဲ့အတွင်း၌ ပြုပြင်ပြောင်းလဲမှု လုပ်လိုသူ၊ ပြုပြင်ပြောင်းလဲမှုများအား ဆန့်ကျင်သူ၊ ကြားနေသူများ ဟူ၍ ၃ စု တွေ့ရကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ပြုပြင်ပြောင်းလဲမှု လုပ်လိုသော အစိုးရ အဖွဲ့အတွင်းမှ လူများ၊ အစိုးရအဖွဲ့ ပြင်ပမှ လူများအားလုံးကို ထောက်ခံသွားမည် ဖြစ်ကြောင်း ပြောသည်။
ဟီလာရီကလင်တန်သည် နေပြည်တော်မှ ရန်ကုန်သို့ ယနေ့ညနေ ၃ နာရီခွဲတွင် ထွက်ခွာသွားပြီး ညနေ ၄ နာရီကျော်၌ ရန်ကုန်မြို့သို့ ရောက်ရှိကာ ရွှေတိဂုံ စေတီကို ဖူးမျှော်မည် ဖြစ်သည်။ ဒီဇင်ဘာလ ၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် တိုင်းရင်းသားများ၊ နိုင်ငံရေး အဖွဲ့အစည်းများနှင့် တွေ့ဆုံမည်ဖြစ်သည်။