အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်သည် ရွှေတိဂုံစေတီပေါ်၌ မိနစ် ၃၀ ကျော်ကြာ လှည့်လည်ကြည့်ရှု ဖူးမျှော် သွားသည်။
မြန်မာနိုင်ငံသို့ ၅၆ နှစ် အတွင်း ပထမဆုံးအကြိမ် လာရောက်သော မစ္စ ကလင်တန်သည် ယမန်နေ့ ညနေ့ ၅ နာရီ
၄၈ မိနစ်တွင် ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်မှ တက်ရောက်လာကာ ဘုရားရင်ပြင်ပေါ်သို့ လှည့်လည်ကြည့်ရှုပြီး ဘုရား သမိုင်းကြောင်းများကို မေးမြန်း လေ့လာသွားသည်။
မစ္စ ကလင်တန် ရွှေတိဂုံစေတီပေါ်တွင် လှည့်လည်နေစဉ် ဘုရားရင်ပြင်ပေါ်ရှိ ဘုရားဖူးများ ရာချီ၍ လိုက်ပါကြည့်ရှုခဲ့သည်။
“လုံခြုံရေးအင်အားက သူ့တို့ဆီက ပါတဲ့လူတွေရော၊ ဘုရားပေါ်က ဝန်ထမ်းတွေ အပါအဝင် ရာချီရှိတယ်။ သတင်းထောက် တွေ ဓာတ်ပုံရိုက်တာကို ဘုရားလုံခြုံရေးတွေက ကုပ်ကနေဆွဲပြီး ထုတ်လို့ ပြဿနာ ဖြစ်ကြတယ်” ဟု Sky net ရုပ်သံလိုင်းမှ တာဝန်ရှိသူတဦးက ပြောသည်။
ဟီလာရီ ကလင်တန်သည် ရွှေတိဂုံဘုရားပေါ်ရှိ ကြေးသွန်းခေါင်းလောင်းကို လှည့်လည်ကြည့်ရှုပြီး တနင်္ဂနွေဂြိုဟ် ထောင့်တွင် ရေသပ္ပာယ်ကာ အရှေ့ဘက်မုခ်မှ ၆ နာရီ ၈ မိနစ်တွင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
ရွှေတိဂုံ စေတီတော်မှအပြန် မစ္စ ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူ ရန်ကုန်မြို့ ပြည်လမ်း အမေရိကန် သံရုံး ယာယီတာဝန်ခံ၏ နေအိမ်တွင် ညစာ စားသောက်ခဲ့သေးသည်။
ယနေ့နံနက် ၉ နာရီခန့်တွင် မစ္စ ကလင်တန်သည် ဒေါ်အောင်ဆန်းစုကြည်၏ တက္ကသိုလ်ရိပ်သာလမ်း ရောက်ရှိလာကြောင်း သတင်းရရှိသည်။
ယနေ့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုပြီးလျှင် လူမှုကူညီရေးအဖွဲ့များ၊ တိုင်းရင်းသားများနှင့်လည်း မစ္စကလင်တန်က တွေ့ဆုံမည်ဟု သိရသည်။