မြန်မာနိုင်ငံမှ ယနေ့ ညနေပိုင်းတွင် ပြန်လည် ထွက်ခွာသွားပြီဖြစ်သော အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် နှင့် နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ နေ့လယ်ပိုင်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း အမေရိကန် သံရုံးတွင် တွေ့ဆုံကြောင်း သတင်းရသည်။
တွေ့ဆုံမှုတွင် ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံအယ်ဒီတာ ဆရာ မောင်ဝံသ၊ The Voice ဂျာနယ် အယ်ဒီတာ ဒေါက်တာနေဝင်း မောင်၊ ရန်ကုန်နာရေးကူညီမှု အသင်းမှ ဒေါ်ရွှေဇီးကွက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)မှ လူငယ်တာဝန်ခံ မဖြူဖြူသင်း၊ ဗေ ဒါ ကျောင်းတာဝန်ခံ ကိုမျိုးရန်နောင်သိန်း၊ ကရင် အမျိုးသမီး အစည်းအရုံးမှ ဒေါ် ဆူဇန်နယ်လှလှ၊ နိုင်ငံရေး အကျဉ်းသားဟောင်း လူရွှင်တော် ဇာဂနာ၊ ကိုဇေယျာသော်၊ မဇင်မာအောင်၊ ရွှေညဝါ ကျောင်းတိုက်ဆရာတော်တို့ ပါဝင်သည်။
ဆရာ မောင်ဝံသက မစ္စ ဟီလာရီ ကလင်တန်သို့ အစိုးရသစ်လက်ထက် စာနယ်ဇင်းလောက အခြေအနေနှင့် အကျဉ်းကျခံနေရ သည့် စာနယ်ဇင်းသမားများ လွတ်မြောက်ရေး များကို ပြောပြခဲ့ကြောင်း ဧရာဝတီသို့ ပြောဆိုသည်။
“ဒီမိုကရေစီအတွက် မီဒီယာက ပညာပေးရေးကဏ္ဍတခုဖြစ်လို့ သင်တန်းတွေအတွက် အကူညီပေးဖို့ရယ်၊ နောက် ထောင်ထဲက မီဒီယာသမားတွေ အားလုံးကို နိုင်ငံရေးအကျဉ်းသားလို့ သတ်မှတ်ပြီး အမြန်ဆုံးလွှတ်ပေးဖို့ တောင်းဆိုတယ်”ဟု ၎င်းကဆိုသည်။
အစိုးရသစ်အနေဖြင့် ပြည်တွင်းမီဒီယာများကို တင်းကျပ်သော စည်းမျဉ်းများ ချထားမှု အနည်းငယ် လျှော့ပေါ့လာပြီဖြစ်ကြောင်း၊ လုံး၀ ပွင့်လင်းလွတ်လပ်သည့် အခြေအနေတွင် မီဒီယာအရည်အသွေးမြှင့်တင်ရန်လိုအပ်ကြောင်းလည်း ဆွေးနွေးခဲ့သည်ဟု ဆရာမောင် ဝံသက ရှင်းပြသည်။
အကျဉ်းကျခံ စာနယ်ဇင်းသမားများဖြစ်သည့် ကိုဇော်သက်ထွေး၊ ကိုနေဘုန်းလတ်၊ မလှလှဝင်း၊ ကိုစည်သူဇေယျ စသည့် စာနယ် ဇင်းသမားများ ပြန်လွတ်ရေးအတွက် ပြောဆိုကြောင်း သိရသည်။
မစ္စ ဟီလာရီ ကလင်တန်နှင့် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ တွေဆုံချိန်မှာ၂ နာရီခန့် ကြာမြင့်သည်။
ရန်ကုန် နာမှုကူညီရေးအသင်းမှ ဒေါ်ရွှေဇီးကွက်ကလည်း“အခုအချိန်အထိ အသင်းသက်တမ်း ထပ်တိုးခွင့်မရသေးတာ၊ လူမှုရေး အသင်း တွေ လွတ်လွတ်လပ်လပ်လုပ်ခွင့် တချိုနယ်မြေမှာ မရသေးဘူးဆိုတာကို ပခုက္ကူရေဘေး ကူညီတုန်းက ဒေသဆိုင်ရာ အာဏာပိုင် တွေရဲ့ အနှောင့် အယှက်လေးတွေကို ဥပမာပြပြီး တင်ပြခဲ့တယ်”ဟု ဆိုသည်။
လူမှုရေး အသင်းအဖွဲ့များအနေဖြင့် လူမှုရေးလုပ်ငန်းများကို စစ်စစ်မှန်မှန် လွတ်လပ်စွာ လုပ်ကိုင်ခွင့်ရရှိခဲ့လှျှင် လူမှုဝန်းကျင် ပြုပြင် ရေးများ လုပ်ကိုင်နိုင်ကြောင်း၊ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးကလည်း စိတ်ဝင်စားစွာလက်ခံနားထောင်ပြီး မြန်မာအစိုးရထံ တင်ပြ တိုက်တွန်း ပေးမည်ဟု ပြောဆိုကြောင်း ဒေါ်ရွှေဇီးကွက်က ပြောသည်။
ရန်ကုန် နာရေးကူညီမှုအသင်းသည် တနိုင်ငံလုံးအတိုင်းအတာဖြင့် လူမှုရေး လုပ်ငန်းများလုပ်ကိုင်နေသည့် အသင်းဖြစ်ပြီး ယခု လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ပြေးဒုက္ခသည်များကို ကူညီ နေသည်။
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်သည့် ရွှေညဝါဆရာ တော်မှလည်း တင်ပြဆွေးနွေးကြောင်း သိရသည်။
နိုင်ငံရေး အကျဉ်းသူဟောင်းဖြစ်သည့် မဇင်မာအောင်ကလည်း နိုင်ငံရေးအကျဉ်းသူဟောင်းများအနေဖြင့် စုပေါင်းအဖွဲ့အစည်းများ ပြီး တဦးနှင့် တဦး စိတ်ဓာတ်ပိုင်းဆိုင်ရာ အားပေးကူညီသည့် အကြောင်းများကိုလည်း ပြောဆိုခဲ့သည်။
NLD လူငယ်တာဝန်ခံ မဖြူဖြူသင်းက HIV/AIDS ဝေဒနာရှင်များ ကူညီရေးလုပ်ငန်းများ နှင့် ပတ်သက်သော လုပ်ကိုင်နေရသည့် လုပ်ငန်း အခက်အခဲများကို တင်ပြပြောဆိုခဲ့ကြောင်း သိရသည်။
ထို လူမှုကူညီရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီပေးမည်ဟု မစ္စ ဟီလာရီက မြန်မာ နိုင်ငံမှ မထွက်ခွာမီ ပြောဆိုခဲ့သည်။
မစ္စ ဟီလာရီသည် ယနေ့နံနက် ၉ နာရီခန့်တွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင်တွေ့ဆုံ ဆွေးနွေးခဲ့ပြီးနောက် NLD အလုပ်အမှုဆောင်များနှင့့်လည်း တွေ့ဆုံခဲ့သေးသည်။