အမေရိကန်နှင့် ထိတွေ့ဆက်ဆံရမှုကို အားရကျေနပ်ကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်က အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် ယနေ့ တွေ့ဆုံစဉ် ပြောဆိုသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံ တို့သည် လွတ်လပ်ရေးရစဉ်ကပင် ထိတွေ့ဆက်ဆံခဲ့သည့် သမိုင်းကြောင်းများ ရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး၌ အခက်အခဲ တချို့ရှိခဲ့ကြောင်းလည်း ၎င်းက ဆိုသည်။

“ယခုအခါ အမေရိကန်ရဲ့ကောင်းမွန်တဲ့ ထိတွေ့ ဆက်ဆံမှုတွေ၊ ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ စတင်နိုင်တဲ့ အပေါ် အားရ ကျေနပ်မိပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သမ္မတ ဦးသိန်းစိန်နှင့် မစ္စ ကလင်တန်တို့ နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့မှုကိုလည်း အားရကျေနပ်ကြောင်း ၎င်းက ဆို သည်။
အမေရိကန်သည် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရသစ်၊ မြန်မာပြည်သူအားလုံးနှင့် မိတ်ဆွေဖြစ်လိုကြောင်း ဒေါ်အောင် ဆန်း စုကြည်နှင့် တွေ့စဉ် မစ္စ ကလင်တန် က ပြောဆိုသည်။
“မြန်မာနိုင်ငံနဲ့ မိတ်ဆွေ ဖြစ်ချင်ပါတယ်၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားချင်ပါတယ်၊ မြန်မာနိုင်ငံကိုလည်း ကမ္ဘာ့အလယ်မှာ ထိုက်တန်တဲ့ နေရာတခု ရစေချင်ပါတယ်”ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး က ဆို သည်။
ဒေါ်အောင်ဆန်းစုကြည်က“မြန်မာနိုင်ငံမှာ အဓိကလိုအပ်နေတာက တရားဥပဒေ စိုးမိုးရေးနဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စတွေ ဖြစ် ပါတယ်၊ ဒီကိစ္စတွေကို အကောင်အထည်ဖော်ဆောင်တဲ့ နေရာမှာ အမေရိကန်ရဲ့အကူအညီ လိုအပ်ပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံအတွက် နည်းပညာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စီးပွားရေး၊ လူမှုအခြေခံ အဆောက် အအုံများ ဖွံ့ဖြိုးတိုးတက်မှု အတွက် အမေရိကန်က ကူညီစေလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့ရာ မြန်မာနိုင်ငံ၏ ဖြစ်ပေါ် တိုး တက်မှုများအပေါ် မူတည်၍ လုပ်ဆောင်သွားမည်ဟု မစ္စ ကလင်တန်က ပြောသည်။
“လက်ရှိမှာ ပြုပြင်ပြောင်းလဲမှု တချို့တွေ့နေရတာ မှန်ပေမယ့် လုပ်စရာတွေ အများကြီး လိုအပ်နေသေးတယ်ဆိုတာလည်း အားလုံး သိကြမှာပါ၊ နီးနီးကပ်ကပ်၊ မြန်မြန်ဆန်ဆန် ညှိနှှိုင်းဆောင်ရွက်သွားမှာပါ”ဟုလည်း မစ္စ ကလင်တန်က ဆိုသည်။
မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏ ဆက်ဆံရေးကောင်းမွန်လာခြင်းကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း ကြေညာချက်ထုတ်ပြန် ခဲ့ခြင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံပြီး ဒီမိုကရေစီ ဖြစ်ပေါ်တိုးတက်ရေးအတွက် အမေရိကန်အပြင် နိုင်ငံ တကာ၏ အကူအညီ၊ ဆက်ဆံရေးများလည်း လိုအပ်ကြောင်း ပြောဆိုသည်။
ယမန်နေ့ကလည်း မစ္စ ဟီလာရီသည် ရန်ကုန်ရှိ အမေရိကန် သံရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် သီးသန့်တွေ့ဆုံ၍ ညစာ အတူစားသည်။
ယနေ့ထုတ် အစိုးရ သတင်းစာများတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်း စနစ် ကူညီပံ့ပိုးနိုင်ရေးအတွက် ကမ္ဘာ့ဘဏ်၏ ကူညီပေး ရေး အဖွဲ့တခုကို မကြာခင်စေလွှတ်ပေးမည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးက သမ္မတ ဦးသိန်းစိန်နှင့်တွေ့ဆုံစဉ် ကတိပေး ခဲ့ ကြောင်း ရေးသားထားသည်။
မြန်မာနိုင်ငံ၌ သံအမတ်အဆင့် တိုးမြှင့်ရေး ကိစ္စကိုလည်း အမေရိကန်က စဉ်းစားပေးမည်ဟု သိရသည်။
၁၉၈၈ ခုနှစ်၊ လူထုအုံကြွမှုအား အစိုးရ စစ်တပ်က အကြမ်းဖက်နှိမ်နင်းခဲ့ပြီးနောက်ပိုင်း အမေရိကန်-မြန်မာ ဆက်ဆံရေး ပျက်ပြား ကာ သံအမတ်အဆင့်ကို လျှော့ချ၍ သံရုံး ယာယီတာဝန်ခံ ထားခဲ့သည်။
မြန်မာနိုင်ငံ၏ ကျေးလက်ဒေသ ဖွံ့ဖြိုးရေး အတွက် ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီအစဉ်(UNDP)နှင့် ပူးပေါင်းဆောင်ရွက်ပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြေမြှုပ်မှိုင်း ရှာဖွေရေး၊ အသေးစား ငွေချေးလုပ်ငန်းများ ဖွံ့ဖြိုးရေး၊ ကလေးသူငယ်များ စာ တတ်မြောက်ရေး လုပ်ငန်းစဉ်များအတွက် ကူညီပေးမည်ဟု မစ္စ ကလင်တန် က သမ္မတ ဦးသိန်းစိန် ကို ပြောဆိုခဲ့သည်။
ထိုလုပ်ငန်း များအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ သန်း ကူညီပေးမည် ဟု သိရသည်။