ထိုင်း-မြန်မာနယ်စပ် မဲဆောက်နှင့် မြဝတီမြို့သို့ ဆက်သွယ်ထားသော ချစ်ကြည်ရေးတံတားကို မြန်မာအစိုးရက တနှစ်ခွဲခန့်ပိတ်ထားရာမှ ယနေ့နံနက် ၇ နာရီခွဲခန့်တွင် ပြန်လည်ဖွင့်လှစ်ပေးလိုက်သဖြင့် ရပ်နားထားရသည့် တရားဝင်နယ်စပ်ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်သည်။
နှစ်နိုင်ငံ တာဝန်ရှိသူများတက်ရောက်သော ချစ်ကြည်ရေးတံတားဖွင့်ပွဲကို တံတားအလယ်တွင်ကျင်းပခဲ့ပြီး မြန်မာဘက်က မြို့နယ် အဆင့် နယ်ခြားကော်မတီဥက္ကဌ ဗိုလ်မှူးကြီး သက်ခိုင်ဦးနှင့် ထိုင်းဘက်က ဗိုလ်မှူးကြီး အူကရစ်နို့ကန်ဖဲ တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
ဖွင့်ပွဲတက်ရောက်လာသည့် မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဦးဝင်းမြင့်က“အခုလို တံတားပြန်ဖွင့် ပေးလိုက်တဲ့အတွက် ထိုင်းနဲ့မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို ပြန်လည်ပြုလုပ်နိုင်တော့ မှာ ဖြစ်တယ်၊ ထိုင်း-မြန်မာ နယ်စပ် ကုန်သွယ်ရေးဟာ မြန်မာနိုင်ငံရဲ့ဒုတိယ အကြီးဆုံးကုန်သွယ်ရေးဇုန် ဖြစ်တယ်”ဟု ပြောသည်။
တံတား ပိတ်ထားသည့် ကာလအတွင်း ထိုင်းကုန်သည်များဘက်က လစဉ် ထိုင်းဘတ်ငွေ သန်း ၃၀၀၀ ခန့် ဆုံးရှုံး နေရသည့်
ပြဿနာများ မရှိနိုင်တော့သည့်အတွက် နှစ်ဘက်အစိုးရ တာဝန်ရှိသူများကို အထူးကျေးဇူးတင်ရှိသည်ဟု ထိုင်းကုန်သည်ကြီး နိုင်ဆူချိုင်း ကလည်း ပြောသည်။
“မြန်ဘက်က တံတားကို ပိတ်ထားတာ တနှစ်ခွဲရှိတော့မယ်၊ တံတား တလပိတ်ရင် ထိုင်းဘက်က ဘတ်သန်း ၃၀၀၀ လောက် ကုန်သွယ်မှုဆုံးရှုံးတယ်၊ တနှစ်ခွဲနီးပါးဆိုတော့ ဘီလီယံနဲ့ ချီးပြီးဆုံးရှုံးတယ်၊ လုပ်ငန်းရှင်တွေနဲ့ ဆက်စပ်မှီခိုသူတွေလည်း အခက်အခဲဖြစ်ကြရတယ်၊ ဒီနေ့ကစပြီးကုန်စည်တွေ မြန်မာဘက် စပို့ပြီဖြစ်လို့ ပုံမှန်ကုန်သွယ်ရေး ပြန်ရောက်ရှိတဲ့ အတွက် အားလုံးပျော်ရွှင်နေကြတယ်”ဟု နိုင်ဆူချိုင်း က ဆိုသည်။
ယနေ့နံနက်မှစ၍ နှစ်နိုင်ငံ ကုန်စည်ပို့ဆောင်သည့်ယာဉ်များ အပြန်အလှန်ပြေးဆွဲလျက်ရှိပြီး မြဝတီရှိ ခရီးသည်ပိ့ု့ဆောင်ရေး ယာဉ်များလည်း မြဝတီ-မဲဆောက် ခရီးစဉ်ကို ပြေးဆွဲနေပြီဖြစ်သည်။
မြန်မာနိုင်ငံ မြဝတီမြို့မှ ကုန်သည်တဦးဖြစ်သည့် မရီက“တံတားဖွင့်လိုက်တော့ ပြဿနာတွေနည်းသွားတယ်လို့ ပြောရ မယ်၊ မြဝတီ ကနေ မဲဆောက် ကားစီးရုံပဲ၊ အရင်လို ကားတတန် လှေတတန် အလုပ်မရှုပ်တော့ဘူး၊ တရားဝင် ကုန်သွယ်ရေး ပြန် ဖွင့်လိုက်တဲ့ အတွက် ထိုင်းကုန်နဲ့ မြန်မာ ကုန်တွေကို အရင်လိုအောက်လမ်းကနေ ခိုးသယ်စရာမလိုတော့ဘူး၊ ထိုင်းနဲ့ကုန်သွယ်ရာ မှာလည်း မြန်မာကုန်သည်တွေ နစ်နာမှုမရှိတော့ဘူး”ဟု ပြောသည်။
ယင်း ချစ်ကြည်ရေးတံတားကို နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် မြန်မာအစိုးရက ယမန်နှစ် ဇူလိုင်လ ၁၈ ရက် နေ့က စတင်ပိတ်ခဲ့သဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။
တံတား အရှည်မီတာ ၄၂၀ ရှိသည့် ထိုချစ်ကြည်ရေး တံတားကို ၁၉၉၇ ခုနှစ်သြဂုတ်လ ၁၅ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး တံတား တည်ဆောက်မှုနှင့် ကုန်ကျစရိတ်များကို ထိုင်းနိုင်ငံဘက်မှ တာဝန်ယူ တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင်ပင် မြဝတီမြို့တွင်လည်း အထူးစီးပွားရေးဇုန် ဖွင့်ပွဲကျင်းပရာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတားဖွင့်ပွဲသို့ တက်ရောက်လာသော ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်း ဦးဆောင်သည့်အဖွဲ့နှင့်အတူ ထိုင်းနိုင်ငံခြားရေးဝန် ကြီးဌာန၏ ဝန်ကြီးအကြံပေးပုဂ္ဂိုလ် Mr Phronphong Nopphalit ဦးဆောင်သည့်အဖွဲ့ဝင်များသည် အဆိုပါ အထူးစီးပွားရေးဇုန် ဖွင့်ပွဲသို့တက်ရောက်ကြကြောင်း သိရသည်။