အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံသော ဓာတ်ပုံများကို ပြည်တွင်းသတင်းဂျာနယ်များ၌ မျက်နှာဖုံးတွင် ဖော်ပြခွင့်ရရှိပြီး ယင်းဓာတ်ပုံပါ သတင်းဂျာနယ်များ ဈေးကွက်အတွင်း ပြတ်သွားသည်အထိ ရောင်းအားမြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ နိုဝင်ဘာ ၃၀ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ ၃ ရက်ကြာ လာရောက်ခဲ့သော ဟီလာရီ ကလင်တန်၏ ခရီးစဉ်တွင် ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို အစိုးရက သတင်းယူခွင့် ပြုခဲ့ပြီး ပြည်တွင်းထုတ် သတင်း ဂျာနယ်များတွင်လည်း ဟီလာရီ ကလင်တန်နှင့် ပတ်သက်သော သတင်းအများစု ဖော်ပြခွင့်ရရှိကြောင်း ကြားသိရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီ ကလင်တန်တို့နှစ်ဦး ပြုံးရွှင်စွာ တွေ့ဆုံကြသည့် ဓာတ်ပုံများကို ဂျာနယ်အားလုံးက မျက်နှာဖုံး တင်ကြသော်လည်း ဂျာနယ်အများစုက စိစစ်ရေးကို မတင်ဘဲ ဖြန့်ချိခဲ့ပြီး တချို့မှာ စာပေစိစစ်ရေးကို အကြောင်း ကြားပြီးမှ မျက်နှာဖုံးတင်ကာ ဖြန့်ချိကြကြောင်း အပတ်စဉ်ထုတ် သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာ တဦးက ပြောသည်။
“လောလောဆယ် သိထားတာကတော့ စိစစ်ရေးမပြဘဲ ဒီပုံတွေကို မျက်နှာဖုံးတင်ပေမယ့် ဘာမှ ပြောမလာဘူးဆိုတော့ စာပေစိစစ်ရေးက ခွင့်ပြုတယ်ဆိုတဲ့ သဘောလို့ပဲ ဂျာနယ်အယ်ဒီတာတွေက ယူဆထားကြတယ်” ဟု သူကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဟီလာရီကလင်တန်ဓာတ်ပုံများကို The Myanmar Times၊ The Voice၊ Weekly Eleven၊ Open News၊ True News၊ ဖေးဗရိတ် စသည့် သတင်းဂျာနယ်များ အပါအဝင် အပတ်စဉ်ထုတ် ဂျာနယ် အများစုတွင် မျက်နှာဖုံး အဖြစ် ဖော်ပြခဲ့ကြသည်။
မစ္စ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦး၏ ပုံကို မျက်နှာဖုံးတွင် ဖော်ပြခဲ့သော သတင်းဂျာနယ် အများစုမှာ ပြတ်လပ်သည်အထိ ရောင်းချခဲ့ရကြောင်း ဂျာနယ်ကိုယ်စားလှယ်များက ပြောသည်။
“ဂျာနယ်တွေအားလုံးလိုလို ရောင်းကောင်းတယ်။ လူတွေကလည်း စိတ်ဝင်တစားနဲ့ ဖတ်တယ်၊ အားပေးတယ်။ ဂျာနယ်တွေ ပြတ်သွားတဲ့အထိကို ရောင်းရပါတယ်။ ဂျာနယ် ဈေးတက်တာမျိုးတော့ မရှိဘူး။ ဒါပေမယ့် အစောဆုံး ထွက်တဲ့ The Voice၊ ဖေးဗရိတ်၊ Myanmar Times အဲဒီ ဂျာနယ်တွေကတော့ ပိုရောင်းကောင်းခဲ့တယ်” ဟု ရန်ကုန် လမ်း ၃၀ ရှိ ဂျာနယ် လက်လီ၊ လက်ကား ဖြန့်ချိရေး လုပ်ကိုင်သူများက ဆိုသည်။
သတင်းဂျာနယ်များ အားလုံးတွင် ဟီလာရီ ကလင်တန် ပြောဆိုသော အချက်အလက်များ အားလုံးကို ထည့်သွင်း ဖော်ပြ ခဲ့ကြသည့်အတွက် မြန်မာမီဒီယာ လောကအတွက် ထူးခြားမှုတခုဟု ဆိုနိုင်ကြောင်း ရန်ကုန်အခြေစိုက် သတင်းသမား တဦးက ပြောသည်။
“စိစစ်ရေး မတင်တဲ့ ဂျာနယ်တွေကလည်း ဟီလာရီရဲ့ ပြောစကားတွေ မဖြတ်မတောက်ဘဲ ထည့်ကြတယ်။ စိစစ်ရေးတင်တဲ့ ဂျာနယ်တွေမှာလည်း ဟီလာရီကလင်တန်ရဲ့ စကားတွေ တော်တော်များများ ထည့်ခွင့် ရတယ်။ ထူးခြားတာက အစိုးရ သတင်းစာတွေ မှာလည်း ဟီလာရီကလင်တန်နဲ့ ဦးသိန်းစိန် ဆွေးနွေးတာတွေ အသေးစိတ်ဖော်ပြတယ်။ အတော့်ကို ထူးခြားပါတယ်” ဟု သတင်းဂျာနယ် တာဝန်ခံ အယ်ဒီတာက ဆိုသည်။
အစိုးရထုတ် သတင်းစာများထဲတွင် ဟီလာရီကလင်တန် ပြောဆိုခဲ့သော နိုင်ငံရေး အကျဉ်းသားကိစ္စ၊ မြောက်ကိုရီးယား ကိစ္စ အပါအဝင် သတင်းများအား ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စ ကလင်တန် တွေ့ဆုံသည့် ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့ကြောင်း ၎င်းက ပြောသည်။
ဝါရင့် သတင်းစာဆရာကြီး တဦးက မစ္စ ကလင်တန်၏ ခရီးစဉ်နှင့် ပတ်သက်ပြီး အစိုးရ၏ ပွင့်လင်းမှုကို ကြိုဆိုလိုက်ကြောင်း၊ ပြည်တွင်း သတင်းမီဒီယာများကိုလည်း ဒီမိုကရေစီနှင့် ညီသော ပွင့်လင်းမြင်သာမှုရှိသည့် သတင်းလွတ်လပ်ခွင့် ပေးသင့် ကြောင်း၊ ဖမ်းဆီးထားသော သတင်းသမားများကို ချက်ချင်းလွှွတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုသည်။
“ဂျာနယ်တွေ လုပ်နိုင်တာလည်း အားရဖို့ကောင်းတယ်။ ဒါလေးနဲ့ ကျေနပ်နေလို့ မရဘူး။ ပုဂ္ဂလိက နေ့စဉ်သတင်းစာ၊ ရုပ်မြင်သံကြား သတင်းလိုင်း၊ ရေဒီယိုလိုင်းတွေ လွတ်လွတ်လပ်လပ် ထူထောင်ခွင့်ပေးရမယ်။ ဖမ်းထားတဲ့ သတင်းသမားတွေ လွှတ်ပေးရမယ်။ စိစစ်ရေးကို ဖျက်သိမ်းပေးဖို့ လိုတယ်။ ဒီမိုကရေစီ နိုင်ငံဆိုရင် ဒီမိုကရေစီနဲ့ ညီတဲ့ အခွင့်အရေး ပေးရမယ်။ သတင်းမီဒီယာသမားတွေကလည်း ဒီမိုကရေစီနဲ့ညီတဲ့ ကျင့်ဝတ်နဲ့ စောင့်ထိန်းမှုတွေကို လိုက်နာရမယ်” ဟု အဆိုပါ သတင်းစာဆရာကြီးက ဆိုသည်။
သတင်းဂျာနယ်များတွင် ဟီလာရီ ကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ ဓာတ်ပုံများကို ကြည့်ရှုခဲ့ရသော ရန်ကုန်နေ လူငယ်တဦးက လက်ရှိနိုင်ငံရေး အခြေအနေသည် အကောင်းဘက် ဦးတည်ရန် မျှော်လင့်ကြောင်း ပြောသည်။
“အားလုံးကောင်းတော့မယ်လို့ပဲ ထင်တယ်။ အားလုံးက ပွင့်ပွင့်လင်းလင်း ရှိလာကြတယ်။ အစိုးရဘက်ကလည်း ယုံကြည် ချက်ကြောင့် အကျဉ်းကျခံနေရသူတွေ လွှတ်ပေးမယ်၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတဲ့ စကားလုံးတွေကို တွင်တွင်ကျယ်ကျယ်ကို သုံးလာပြီ။ ဒါကောင်းတယ်” ဟု အဆိုပါလူငယ်က ဆိုသည်။
မစ္စ ကလင်တန်သည် မြန်မာနိုင်ငံသို့ ၅၆ နှစ်အတွင်း ပထမဆုံး လာရောက်သည့် အမေရိကန် နိုင်ငံဆိုင်ရာ အစိုးရ ထိပ်တန်း သံတမန် တဦးဖြစ်ပြီး သူ၏ခရီးစဉ်အတွင်း အစိုးရသစ်က ထင်သာမြင်သာသော အပြောင်းအလဲ များနှင့် ရှေ့ဆက်သွားပါက စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေးအတွက် စဉ်းစားမည်ဟု တရားဝင် ပြောဆိုခဲ့သည်။