မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးရောက်ရှိနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာသည် စီးပွားရေးကုန်သွယ်မှု တိုးမြှင့်ရေးဆိုင်ရာစာချုပ်များကို မြန်မာအစိုးရနှင့် ချုပ်ဆိုသွားမည်ဟု သိရသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်သည် သမ္မတ ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ ၃ ရက်ကြာ လာရောက် လည်ပတ်ခြင်းဖြစ်ပြီး ဝန်ကြီးချုပ် တဦး အနေဖြင့် ၈ နှစ်တာကာလ အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး လာရောက်သည့် ခရီးစဉ် ဖြစ်သည်။
မြန်မာနိုင်ငံမှ လောင်စာစွမ်းအင် ဝယ်ယူနိုင်ရေးနှင့် ရေအား လျှပ်စစ်စီမံကိန်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စများ ကိုလည်း ၎င်း၏ ခရီးစဉ်အတွင်း ဆွေးနွေးသွားမည် ဖြစ်ကြောင်း REUTERS သတင်းက ယနေ့ ရေးသားထားသည်။
မစ္စ ရှိတ်ဟာဆီနာ၏ ခရီးစဉ်တွင် အစိုးရအဖွဲ့ အဆင့်မြင့် ပုဂ္ဂိုလ်များနှင့် စီးပွားရေး လုပ်ငန်းရှင်များ လိုက်ပါလာကြောင်း ယနေ့ထုတ် အစိုးရသတင်းစာ များ၌ ဖော်ပြထားသည်ကို တွေ့ရသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးမြှင့်ရေး၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စ စသည့် သဘောတူ စာချုပ် များကို မြန်မာအစိုးရနှင့် လက်မှတ်ထိုး ချုပ်ဆိုသွား မည်ဟု သိရသည်။
မြန်မာနိုင်ငံကို ဖြတ်၍ တရုတ်နိုင်ငံသို့ ဖောက်လုပ်မည့် ချစ်ကြည်ရေးလမ်းကြောင်းကိစ္စ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှ ဒုက္ခသည် များအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရေး ကိစ္စ၊ နှစ်နိုင်ငံ အငြင်းပွားနေသည့် ရေပိုင်နက် ပြဿနာ တို့ကိုလည်း အဓိကထား ဆွေးနွေးမည်ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းစာများက ရေးသားထားသည်။
“ချစ်ကြည်ရေးလမ်းက ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့စီးပွားရေးအတွက် အများကြီးအရေးပါနေတော့ ဒီကိစ္စ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်းနေပါတယ်။ မြန်မာအစိုးရနဲ့ ပြေလည်ဖို့ ကိစ္စဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အလွန်ပဲ အရေးပါနေတယ်” ဟု ဘင်္ဂလားဒေ့ရှ် နယ်စပ်အခြေစိုက် မြန်မာ သတင်းထောက် တဦးက ပြောသည်။
ချစ်ကြည်ရေး လမ်းကြောင်းတွင် မော်တော်ကားလမ်းနှင့် မီးရထားလမ်းတို့ ပါဝင်မည်ဖြစ်ပြီး တရုတ်နိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်တို့ တိုက်ရိုက် ကုန်သွယ်နိုင်မည် ဖြစ်သည်။
လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် တရုတ်နှင့် ကုန်သွယ်မှုအတွက် အိန္ဒိယနိုင်ငံအား ကြားခံထား နေရကြောင်း၊ ထို လမ်းကြောင်းသည် ဘင်္ဂလားဒေ့ရှ်-တရုတ် အကျိုးစီးပွားအတွက်သာ အကျိုး ရှိနေခြင်းကြောင့် မြန်မာ အစိုးရက အချိန်ဆွဲနေခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံလေကြောင်းလိုင်းများ တိုးချဲ့ပြေးဆွဲရေးနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ကိစ္စတို့အပြင်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ကုန်ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ ပလတ်စတစ် ပစ္စည်းများ စသည့် လူသုံးကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းရေး ကိစ္စများလည်း ဆွေးနွေးကြမည်ဟု သတင်းများက ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့၏ နှစ်စဉ် ကုန်သွယ်မှု ပမာဏသည် အမေရိကန်ဒေါ်လာ သန်း ၁၆၀ ရှိခဲ့ပြီး ယခုအခါ
သန်း ၅၅၀ အထိ တိုးမြှင့်သွားရန် ၂၀၁၁ ခုနှစ် ဇူလိုင်လအတွင်း သဘောတူထားခဲ့ကြောင်း ပြည်ပအခြေစိုက် ရခိုင် သတင်းဌာန နိရဉ္စရာတွင် ရေးသားထားသည်။
ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်၏သည် နေပြည်တော်သို့ ယမန်နေ့က ရောက်ရှိခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့တွင် ခရီးစဉ် ပြီးဆုံးမည် ဖြစ်ကာ ၎င်းအား ကြိုဆိုသောအားဖြင့် မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် အသီးသီးမှ ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၃၅ ဦးကို ပြစ်ဒဏ်လျော့ပေါ့၍ ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပြည်နှင်ဒဏ် ပေးခဲ့ကြောင်း ဒီဇင်ဘာလ ၄ ရက်နေ့ထုတ် အစိုးရ သတင်းစာ များက ရေးသား ဖော်ပြခဲ့သည်။
ဒု ကာကွယ်ရေး ဦးစီးချုပ် ဒု ဗိုလ်ချုပ်ကြီး စိုးဝင်းသည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက် ခဲ့ကာ နှစ်နိုင်ငံ နယ်စပ်အရေး၊ မူးယစ်ဆေးဝါး တားဆီးကာကွယ်ရေး၊ စစ်ရေး ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာ ကိစ္စများကို ဆွေးနွေးခဲ့သေးသည်။
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံတို့သည် နှစ်နိုင်ငံ နယ်စပ်ကိစ္စကို မကြာခဏ အငြင်းပွားလျက်ရှိပြီး ရေပိုင်နက် ပြဿနာကိုလည်း
၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထပ်မံဆွေးနွေးကြမည် ဖြစ်ကာ နိုင်ငံတကာ ရေကြောင်းဆိုင်ရာ တရားရုံးမှ ဆုံးဖြတ်ချက်ချ မှတ်ပေးမည် ဖြစ်သည်။
နှစ်နိုင်ငံအကြား ရေပြင်၌ သဘာ၀ ဓာတ်ငွေ့သိုက် အများအပြား ထုတ်လုပ်နိုင်မည်ဟု ၂၀၀၈ ခုနှစ်တွင် စမ်းသပ် တွေ့ရှိခဲ့သဖြင့် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်အကြား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ရာ နိုင်ငံတကာဆိုင်ရာ ရေကြောင်း တရားရုံးသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။